ဂျပန်နိုင်ငံမှ ရိုက်ကူးရေးအဖွဲ့ မြန်မာနှင့်ဂျပန် ဘောလုံးအသင်း လေ့ကျင့်မှုနှင့် ယှဉ်ပြိုင်ကစားပုံ မှတ်တမ်းရိုက်ကူး 

ရန်ကုန် ၁၀ စက်တင်ဘာ 

ဂျပန်နိုင်ငံ Nippon TV ရိုက်ကူးရေးအဖွဲ့သည် FIFA World Cup 2022 Quarter, Asian Qualifiers အတွက် မြန်မာလက်ရွေးစင်ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဂျပန်လက်ရွေးစင်အသင်း၏ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုနှင့် ယှဉ်ပြိုင်ကစားပုံများကို စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ သုဝဏ္ဏဘောလုံး အားကစားကွင်းတွင် မှတ်တမ်းရိုက်ကူးသည်။ 

 

1

 

အဆိုပါ အဖွဲ့သည် စက်တင်ဘာ ၈ ရက်က သုဝဏ္ဏဘောလုံးအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းတွင် ဂျပန်လက်ရွေးစင်ဘောလုံးသမားများ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိစဉ် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဂျပန်ပရိသတ်၏ ကြိုဆိုမှုများ၊ ဂျပန်လက်ရွေးစင် ဘောလုံးအသင်း လေ့ကျင့်နေမှုများ၊ စက်တင်ဘာ ၉ ရက်က Inya Lake Hotel, Ruby Room တွင် မြန်မာနှင့်ဂျပန် လက်ရွေးစင်ဘောလုံးအသင်းတို့၏ ခြေစစ်ပွဲနှင့် ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲတို့ကို ရိုက်ကူးသည်။

 

2

 

ထို့ပြင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ဇွဲကပင်ယူနိုက်တက် ဘောလုံးအသင်းတွင် လက်ရှိကစားနေသော ဂျပန်လူမျိုး ကွင်းလယ်ကစားသမား Matsumoto Kem ကို တွေ့ဆုံမေးမြန်းမှု ရိုက်ကူးခဲ့ရာ Matsumoto Kem က “ကျွန်တော် ဒီဇွဲကပင်ယူနိုက်တက် ဘောလုံးအသင်းမှာ ကစားလာတာ (၅)နှစ်ကျော် ရှိပါပြီ၊ ဒီအသင်းနှင့် မိသားစုလိုဖြစ်နေတဲ့အတွက် ဆက်လက်ကစားဖြစ်တာပါ၊ မြန်မာအသင်းရဲ့ ထူးခြားချက်အနေနဲ့ကတော့ အသင်းမှာ ဖျတ်ဖျတ်လတ်လတ် လှုပ်ရှားတဲ့သူများပါကြောင်း၊ ဥရောပကလပ်တွေက ကျွန်တော့်ကို လာခေါ်ပေမယ့် မြန်မာနိုင်ငံရဲ့ ကလပ်အသင်းတွေမှာ ကစားရတာ ကြိုက်နှစ်သက်တဲ့အတွက်ကြောင့် အသင်းမပြောင်းခဲ့တာပါ”ဟု ပြောကြားသည်။

ယနေ့ညနေပိုင်းတွင် သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ကျင်းပသည့် FIFA World Cup 2022 Quarter, Asian Qualifiers အတွက် မြန်မာနှင့် ဂျပန်လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမှုအား ရိုက်ကူးသည်။

အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မဟာဗန္ဓုလပန်းခြံ၊ လှည်းတန်းနှင့် လသာလမ်းရှိ လူစည်ကားသည့် နေရာများတွင်လည်း မှတ်တမ်းရိုက်ကူးခဲ့ကြောင်းနှင့် ၎င်းမှတ်တမ်းကားကို ဂျပန်နိုင်ငံရှိ Nippon TV ၏ အားကစားသတင်းတွင် ထုတ်လွှင့်ပြသရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်