ဂျပန်နိုင်ငံ၌ အားလပ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်မှု များပြားလာ

တိုကျို ဩဂုတ် ၉

ဂျပန်နိုင်ငံတစ်လွှားတွင် ကိုဗစ်၁၉ကူးစက်မှုများ များပြားလျက်ရှိသည်ဟု သိရသည်။ ဩဂုတ် ၈ ရက်တွင် နေ့စဉ်ကူးစက်ခံရသူ အရေအတွက်မှာ ၁၅၇၀၀ ကျော် လွန်ခဲ့သည်။ လေးရက်ဆက်တိုက် ကူးစက်မှုများ မြင့်မားနေရာ ယင်းပမာဏမှာ စံချိန်တင်များပြားသည့်ပမာဏပင် ဖြစ်သည်။

မြို့တော်တိုကျိုတွင်မူ နှစ်ရက် ဆက်တိုက်ကူးစက်မှု အလွန် များပြားခဲ့သည်။ တိုကျိုတွင် နောက်ထပ် ကူးစက်ခံရသူ ၄၅၆၆ ဦးရှိသည်ဟု အစိုးရက အတည်ပြုခဲ့သည်။ တိုကျိုတွင် နေ့စဉ် ကူးစက်မှု ၄၀၀၀ အထက်တွင် ရှိနေသည်မှာ လေးရက်ဆက်တိုက် ရှိနေပြီဖြစ်သည်။ ကူးစက်ခံရသူများအနက် ၁၅ဝ မှာ ပြင်းပြင်းထန်ထန် ဖျားနာနေကြသည်ဟု သိရသည်။

ယခုလို ရောဂါကူးစက်မှုများ ပြားလာသည့်အတွက် ကျွမ်းကျင်သူများက စိုးရိမ်လာကြသည်။ ခရိုင်များကို ကျော်လွန်ကာ ခရီးသွားခြင်းမှ ရှောင်ရှားကြရန်လည်း အာဏာပိုင်များက တောင်းဆိုထားသည်။ နှစ်စဉ် အားလပ်ရက် ကာလအတွင်းသို့ ကျရောက်လာ ပြီဖြစ်ပြီး လူများသည် မိမိတို့ဇာတိမြေကို ပြန်ကြသည့်ကာလ လည်းဖြစ်သည်။ အမျိုးသမီးတစ်ဦးက ၎င်း၏မိခင်မှာ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး စိုးရိမ်မိကြောင်း ၎င်းမှာမူ ကာကွယ်ဆေးလည်း ထိုးထားပြီး ကြိုတင်ဆေးစစ်မှုများလည်း ပြုလုပ်ထားပြီးဖြစ်ကြောင်း ပြောသည်။

ဘူတာရုံများတွင်လည်း ယခင်နှစ်များကကဲ့သို့ လူရှုပ်ခြင်းမျိုး မရှိပေ။ အလားတူ အဝေးပြေးကားလမ်းမကြီးများနှင့် ပြည်တွင်းလေကြောင်းလိုင်းများတွင်လည်း ယခင်နှစ်များကဲ့သို့ စုပြုံကျမှုမျိုးမရှိဟု သိရသည်။

အင်န်အိတ်ချ်ကေ