ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ်တစ်မျိုးဖြင့် ကူးစက်ထိတွေ့ခဲ့သူတစ်ဦးကို တွေ့ရှိ

တိုကျို၊ ဒီဇင်ဘာ ၁

 

ဂျပန်နိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ်တစ်မျိုးဖြင့် ကူးစက်ထိတွေ့ခဲ့သူ တစ်ဦးရှိကြောင်း ဂျပန်အစိုးရက နိုဝင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။

 

ကူးစက်ထိတွေ့ခဲ့သူမှာ အသက် ၃၀ ဝန်းကျင်ရှိပြီး နမ်မီးဘီးယားမှ ရောက်လာသူဖြစ်သည်။ ၎င်းရောက်လာသည့် တနင်္ဂနွေနေ့မှာပင် တိုကျိုအနီး နာရီတာလေဆိပ်တွင် ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ။

 

ဗီဇပြောင်း ကိုဗစ်-၁၉ မျိုးစိတ်တစ်မျိုးဖြစ်သည့် အိုမီခရွန်ကူးစက်ဖြစ်ပွားလာမှုအပေါ် အလွန်အမင်း စိုးရိမ်သောကြောင့် နိုဝင်ဘာ ၂၉ ရက်က ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက အစိုးရသည် နိုင်ငံခြား ခရီးသွားများအားလုံးကို ဝင်ခွင့်ပိတ်ရန် တိုက်တွန်း ပြောကြားထားသည်။

 

အဆိုပါဆောင်ရွက်ချက်ကို နိုဝင်ဘာ ၃၀ ရက် ကတည်းက စတင်ခဲ့ပြီး အနည်းဆုံး တစ်လကြာမြင့် မည်ဖြစ်သည်။ ဂျပန်နိုင်ငံသားများနှင့် ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသော နေရာများမှ လာရောက်ပါက အစိုးရသတ်မှတ်နေရာများတွင် ၁၀ ရက်ထက်မနည်း သွားလာကန့်သတ်မှု ခံယူရမည် ဖြစ်ကြောင်း သိရသည်။

 

အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ကို တောင်အာဖရိက ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ လွန်ခဲ့သော သီတင်းပတ်က အစီရင်ခံ ဖော်ပြခဲ့သည်။ ယခုချိန်အထိ ဥရောပနိုင်ငံအများစု၊ ဩစတြေးလျ၊ ကနေဒါ၊ အစ္စရေး၊ တရုတ်နိုင်ငံ ဟောင်ကောင်တို့တွင် ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း အတည်ပြုဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ဖူး သူများကိုလည်း နောက်တစ်ဖန် ပြန်လည်ကူးစက် ပျံ့နှံ့နိုင်ပြီး ကူးစက်ဖြစ်ပွားမှု မြန်ဆန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားသည်။

 

ဆင်ဟွာ