ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ လေးဦးထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၁၄

 

ဂျပန်နိုင်ငံအတွင်း လေဆိပ်သို့ဆိုက်ရောက်လာသူများတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ လေးဦးထပ်မံ တွေ့ရှိခဲ့ကြောင်း ယမန်နေ့ကအတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ကူးစက်ခံရသူပေါင်း ၁၇ ဦးအထိရှိလာသည်။

 

ဒီဇင်ဘာ ၆ မှ ၉ ရက်နေ့အတွင်း လေဆိပ်သို့ဆိုက်ရောက်လာသူများတွင် ကိုဗစ်ကူးစက်ဖြစ်ပွားသူ လေးဦးကို တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူများက ဆိုသည်။

 

အဆိုပါရောဂါကူးစက်ခံရသူလေးဦးသည် ပြည်ပနိုင်ငံများတွင်နေထိုင်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသို့ပြန်ရောက် လာသူများ ဖြစ်ပြီး ၎င်းတို့အားလုံး ဆေးကုသမှုခံယူနေသည်ဟု တာဝန်ရှိသူများကဆိုသည်။

 

၎င်းတို့အနက်သုံးဦးသည် ဖိုက်ဇာကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးသူများဖြစ်ကြောင်းနှင့်  ရောဂါလက္ခဏာများ ပြသမှုမရှိကြောင်း ဖော်ပြထားသည်။

 

ခရီးသွားများအနေဖြင့် ၎င်းတို့ဆိုက်ရောက်လာပြီးနောက် ၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို