မေ ၂၉

ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ဧပြီလတွင် ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရာ ယခင်လက  အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၇ ရာခိုင်နှုန်းရှိရာမှ လျော့နည်းလာခြင်းဖြစ်ကြောင်း အစိုးရ၏ယနေ့ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အလုပ်အကိုင်ရှိသူဦးရေသည် ၆၈ ဒသမ ၇၆ သန်းအထိရှိကာ  ၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အလုပ်လက်မဲ့များအနက် အလုပ်ရှင်များက အလုပ်ထုတ်ခဲ့သူဦးရေ ၄၃၀၀၀၀ ရှိပြီး ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရှာဖွေရန်အတွက် ဆန္ဒအလျောက် အလုပ်ထွက်ခဲ့သူဦးရေ ၇၉၀၀၀၀ ရှိကြောင်း  ဖော်ပြထားသည်။ ကိန်းဂဏန်းနှစ်ခုစလုံးသည် မတ်လမှစ၍ တည်ငြိမ်နေခဲ့သည်ဟု သိရသည်။

အလုပ်အကိုင်ဈေးကွက်သို့ အသစ်ဝင်ရောက်လာသူဦးရေ ၁၀ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး ၄၉၀၀၀၀ သာ ရှိခဲ့ကြောင်း ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သီးခြားဒေတာများအရ စက်မှုလုပ်ငန်း၊ ပညာရေးနှင့် ထုတ်လုပ်ရေးကဏ္ဍ ၁၁ ခုအနက် နှစ်ခုသည်  ယခင်နှစ်ကထက် အလုပ်အကိုင်အသစ်များ ပိုမိုရရှိခဲ့ပြီး ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်းနှင့် ကျန်ကဏ္ဍကိုးခုစလုံး စံချိန်တင်ကျဆင်းကာ လက်ကားနှင့် လက်လီရောင်းချမှုမှာ ၁၁ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

တည်းခိုခန်းနှင့် စားသောက်ဆိုင်ဝန်ဆောင်မှုများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍတွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို