တိုကျို   ဇူလိုင်   ၁၅

ဂျပန်နိုင်ငံ၌ လျှပ်စစ်ကား ရောင်းချမှုအရေအတွက်သည် ပြီးခဲ့သည့်နှစ် အလားတူကာလ(ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လအတွင်း) နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း သိရသည်။

လျှပ်စစ်ကားမော်ဒယ်အသစ်များနှင့် စွဲမက်ဖွယ်ကောင်းသော ဝန်ဆောင်မှုနှင့် ထောက်ပံ့ကြေးငွေများက လျှပ်စစ်ကားဝယ်ယူသူများကို   ဆွဲဆောင်လျက်ရှိကြောင်း လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီများက ပြောကြားခဲ့သည်။

အဆိုပါကာလအတွင်း လျှပ်စစ်ကား ၅၉၃၃၇ စီးရောင်းချခဲ့ပြီး အဆိုပါအရေအတွက်သည် နိုင်ငံအတွင်း ဝယ်ယူခဲ့သော မော်တော်ယာဉ်အားလုံး၏ သုံးရာခိုင်နှုန်းခန့်ရှိသည်။

ဇန်နဝါရီလတွင် ဂျပန်အစိုးရသည် လျှပ်စစ်ကားဝယ်ယူသူများအတွက် အများဆုံးထောက်ပံ့ကြေးကို ၄၀ ရာခိုင်နှုန်း ကျော်တိုးမြှင့်ခဲ့သည်။ ဝယ်ယူသူများသည် ယခုအခါ လျှပ်စစ်ကားတစ်စီးအတွက် ငွေပေးချေရန် ယန်း ၁ ဒသမ ၃ သန်း (အမေရိကန်ဒေါ်လာ ၈၀၀၀ ခန့်) အထိ ထောက်ပံ့ငွေအဖြစ် ရရှိနိုင်သည်။

အဆိုပါ ထောက်ပံ့ကြေးများသည် လျှပ်စစ်ကားမော်ဒယ်အသစ်များနှင့်အတူ ရောင်းအားကို မြှင့်တင်ရာတွင် အထောက်အကူပြုနေကြောင်း အရောင်းကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

Honda Motor က မေလတွင် စတင်ထုတ်လုပ်ခဲ့သော စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကားအစီးရေ ၁၀၀၀၀ ကျော် ထုတ်လုပ်ရန် အမှာစာရရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် -အောင်ကျော်ကျော်