ဂျပန်နိုင်ငံ၌ မျောက်ကျောက်ရောဂါဖြင့် သေဆုံးသူစတင်တွေ့ရှိ

တိုကျို ဒီဇင်ဘာ ၁၄

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးရှိ ဆိုင်းတမစီရင်စုတွင် နေထိုင်သော အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးသည် မျောက်ကျောက်ရောဂါဖြင့် သေဆုံးခဲ့ပြီး နိုင်ငံအတွင်း  မျောက်ကျောက်ရောဂါ ဖြင့်   ပထမဆုံးသေဆုံးမှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

ဝန်ကြီးဌာန၏  အဆိုအရ အဆိုပါ အမျိုးသားသည် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရခြင်းကြောင့် ခုခံအား ကျဆင်းမှုဝေဒနာခံစား ခဲ့ရသည်ကို   စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ   အမျိုးသားသည် စက်တင်ဘာလတွင် ပြည်တွင်းရှိ ဆေးရုံတစ်ခုတွင် စစ်ဆေးခဲ့ရာမှ မျောက်ကျောက်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် နိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါ ကူးစက်မှုကို ယမန်နှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သည်။

ဒီဇင်ဘာ ၃ ရက်အထိ တစ်နိုင်ငံလုံးတွင် အတည်ပြုလူနာ ၂၂၇ ဦးရှိပြီဟု ဝန်ကြီးဌာနက ပြောသည်။

  မျောက်ကျောက်ရောဂါသည် အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အဖုအပိမ့်များ ဖြစ်ပေါ်စေပြီး ရောဂါလက္ခဏာများသည် နှစ်ပတ်မှ လေးပတ်ခန့်ကြာမြင့်သည်။

ယခုနှစ်  မေလတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က   မျောက်ကျောက်ရောဂါ ကူးစက်ခံရသူအရေအတွက်  ကျဆင်းလာခြင်းကြောင့် မျောက်ကျောက်ရောဂါကူးစက်မှုကို  ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေမှ ပယ်ဖျက်ကြောင်း  ကြေညာခဲ့သည်။

ကိုးကား-ကျိုဒိုနယူးစ်

ဘာသာပြန်-စိုးသူရ