ဇွန် ၂၉
ဂျပန်နိုင်ငံ ကျိုတိုဘူတာရုံ၌ ယနေ့မနက်အစောပိုင်းတွင် ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဖော်ပြထားသည်။
ကင်တက်ဆု ကျိုတိုလိုင်း တွဲလေးတွဲပါသော ဒေသခံရထားတစ်စင်းသည် နံနက် ၅ နာရီ ၁၃ မိနစ်ခန့်တွင် လမ်းချော်မှုဖြစ်ပွားခဲ့သည်။ ထိုရထားသည် ယနေ့ပြေးဆွဲသည့် ပထမဆုံးရထားဖြစ်ပြီး နာရာစီရင်စုရှိ ကာရှီဟာရာဂျင်ဂူ-မဲဘူတာသို့ ဦးတည်ခုတ်မောင်းနေသည်ဟု သိရသည်။
ကျိုတိုဘူတာအနီး တပ်ဆင်ထားသော အင်န်အိတ်ချ်ကေကင်မရာတစ်ခုတွင် ဘူတာမှ ထွက်ခွာပြီး မကြာမီတွင် ရထား၏ ဒုတိယနှင့် တတိယတွဲများ လမ်းပေါ်မှ ပြုတ်ကျနေသည်ကို မှတ်တမ်းတင်ထားသည်။
ကင်တက်ဆုရထားတွင် ခရီးသည် ၁၀ ဦးခန့် လိုက်ပါလာသော်လည်း ဝန်ထမ်းများအပါအဝင် မည်သူမျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဟု ရထားပို့ဆောင်ရေးဌာနက ပြောကြားခဲ့သည်။ ခရီးသည်များကို ထိုရထားပေါ်မှ ဆွဲထုတ်ပြီး ကျိုတိုဘူတာသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကင်တက်ဆု ကျိုတိုလိုင်းဝန်ဆောင်မှုကို ကျိုတိုနှင့် ကာမီတိုဘာဂူချီဘူတာများအကြား ရပ်ဆိုင်းထားပြီး မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ကို မသိရှိရသေးကြောင်းနှင့် ယင်းမတော်တဆမှုကြောင့် ရထားလမ်း၏ အခြားအပိုင်းများတွင် နှောင့်နှေးမှုများနှင့် ဖျက်သိမ်းမှုအချို့လည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


