ဂျပန်နိုင်ငံ၌ သောက်ဆေးအမျိုးအစားဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး moInupiravir အား ထုတ်လုပ်ခွင့်ရရှိရန် ဆောင်ရွက်

တိုကျို ဒီဇင်ဘာ ၄

အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Merck & Co သည် ၎င်းမှ ထုတ်လုပ်သော သောက်ဆေးအမျိုး အစားဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး molnupiravir အား ဂျပန်နိုင်ငံ၌ ထုတ်လုပ်ခွင့်နှင့် ရောင်းချခွင့်ရရှိရန် ဂျပန်အစိုးရ တာဝန်ရှိသူများထံ အတည်ပြုချက် တင်ပြတောင်းခံခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဝါးသည် လူ့ကိုယ်ခန္ဓာထဲသို့ ကိုဗစ်-၁၉ ရောဂါပိုး မရောက်ရှိ စေရန်တားဆီးနိုင်သလို ရောက်ရှိပြီးသော ရောဂါပိုးများ ထပ်မံမပြန့်ပွားလာစေရန် အတွက်လည်း အထောက်အကူပြုနိုင်ကြောင်း သိရသည်။ အကယ်၍ အဆိုပါ ဆေးဝါးအား ထုတ်လုပ်ဖြန့်ဖြူးခွင့်ကို ရရှိခဲ့ပါက ဂျပန်နိုင်ငံတွင် ပထမဆုံး ထုတ်လုပ်ဖြန့်ဖြူးခွင့်ရမည့် ကိုဗစ်-၁၉ ရောဂါ သောက်ဆေးဖြစ်လာမည်ဖြစ်သည်။

ဂျပန်အစိုးရက အမေရိကန်ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Merck & Co ထံမှ သောက်ဆေးအမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး molnupiravir အလုံးရေ ၁ ဒသမ ၆ သန်းဝယ်ယူရန် ကနဦး သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်သည့်အပြင် အဆိုပါ ဆေးဝါးများကို ဂျပန်နိုင်ငံ၌ ယခုနှစ်ကုန်တွင် အပြီးထုတ်လုပ်သွားမည်ဟု သိရသည်။

အဆိုပါ ဆေးဝါးအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေကနဦးအဆင့် (သို့) အလယ်အလတ်အဆင့် (သို့)ရောဂါပြင်းထန်သူများအား ပေးအပ်သွားမည်ဆိုသည့်အချက်နှင့် ပတ်သက်ပြီး ဆွေးနွေးမှုတစ်ရပ်ကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများက ဒီဇင်ဘာလလယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမေရိကန်ဆေးဝါးကုမ္ပဏီ ကပြုလုပ်သော ဆေးဝါးဆိုင်ရာလက်တွေ့ စမ်းသပ်ချက်များအရ molnupiravir ဆေးဝါးသည် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသရမှုနှင့် အဆိုပါ ရောဂါကြောင့် သေဆုံးမှုတို့ကို ၃၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ကြောင်း သိရသည်။

ကိုးကား-ကျိုဒိုနယူးစ်

ဘာသာပြန်-စိုးသူရ