တိုကျို မတ် ၁၅
အရှေ့အလယ်ပိုင်း၌ စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် တောင်ကိုရီးယားနိုင်ငံက ဂျပန်လူမျိုး သုံးဦးကို ၎င်း၏ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ဆော်ဒီအာရေဗျနိုင်ငံမှ ခေါ်ဆောင်လာပေးခဲ့သည့်အတွက် ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကာအီချီက တောင်ကိုရီးယား အစိုးရအား ကျေးဇူးတင်ရှိကြောင်း ယနေ့ ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာလိုသော ဂျပန်နိုင်ငံသား သုံးဦးကို ဆော်ဒီအာရေဗျနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ တောင်ကိုရီးယား လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း ဂျပန်အစိုးရက မတ် ၁၅ ရက်တွင် ကြေညာသည်။
ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီက တောင်ကိုရီးယားအစိုးရနှင့် တပ်မတော်အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိပါကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် စုစုပေါင်း ၁၆ ဦးသည် ဂျပန်အစိုးရက စီစဉ်ပေးခဲ့သော စင်းလုံးငှားလေယာဉ်ဖြင့် ယခင်က လိုက်ပါခဲ့ဖူးကြောင်းလည်း ဝန်ကြီးချုပ် ဆာနေးက ပြောကြားသည်။
ယင်းသို့ နှစ်နိုင်ငံအချင်းချင်း အပြန်အလှန်ကူညီပေးမှုသည် ဂျပန်နှင့်တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဆာနေးက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


