ဂျပန်နိုင်ငံသို့ ဩဂုတ်လအတွင်း နိုင်ငံခြားသားခရီးသွား ၂ ဒသမ ၁ သန်းကျော် ဝင်ရောက်

စက်တင်ဘာ ၂၁

ဂျပန်နိုင်ငံသို့ ဩဂုတ်လအတွင်း နိုင်ငံခြားသားခရီးသွားဦးရေ ၂၁၅၆၉၀၀ ဝင်ရောက်ခဲ့ကြောင်း အစိုးရအဖွဲ့က ယမန်နေ့ကအချက်အလက်ဖော်ပြထားသည်။

အဆိုပါခရီးသွားများဝင်ရောက်မှုသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် နိုင်ငံသို့ဝင်ရောက်သော ခရီးသွားအရေအတွက်၏ ၈၅ ဒသမ ၆ ရာခိုင်နှုန်းနှင့်ညီမျှသည်ဟု ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့အစည်းက ဆိုသည်။

ယခုနှစ်ပထမရှစ်လအတွင်း နိုင်ငံသို့လာရောက်သော နိုင်ငံခြားသားခရီးသွားဦးရေ ၁၅ ဒသမ ၁၉ သန်းရှိရာ ၂၀၁၉ ခုနှစ်က အလားတူကာလအတွင်း ဝင်ရောက်သော ခရီးသွားဦးရေ၏ ၆၈ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

လွန်ခဲ့သောလက နိုင်ငံရပ်ခြားသို့ခရီးသွားသော ဂျပန်ခရီးသွားအရေအတွက် ၁ ဒသမ ၂ သန်းရှိရာ လွန်ခဲ့သောနှစ်ကထက် ကိန်းဂဏန်းနှစ်ဆပိုမိုများပြားခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လကဂျပန်ခရီးသွားအရေအတွက်ထက် ၄၃ ဒသမ ၁ ရာခိုင်နှုန်းလျော့နည်းနေဆဲဖြစ်သည်။

ဇန်နဝါရီမှဩဂုတ်လအတွင်း နိုင်ငံရပ်ခြားသို့ ခရီးသွားသော ဂျပန်ခရီးသွားစုစုပေါင်း ၅ ဒသမ ၇၁ သန်းရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က ဂျပန်ခရီးသွားအရေအတွက်၏ ၄၂ ဒသမ ၉ ရာခိုင်နှုန်းရှိသည်ဟု အချက်အလက်ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို