ဂျပန်နိုင်ငံသို့ ထူးခြားဆန်းပြားသော ဖွတ်သတ္တဝါများ မှောင်ခိုတင်သွင်းလာသည့် သံသယရှိသူ နှစ်ဦးကို အစိုးရရှေ့နေများထံ လွှဲပြောင်းပေးအပ်

၂၆ နိုဝင်ဘာ

ရှားပါးသော ဖွတ်သတ္တဝါ နှစ်ကောင်ကို ဂျပန်နိုင်ငံသို့မှောင်ခိုတင်သွင်းပြီး ဝယ်ယူသူများထံ ရောင်းချခြင်းနှင့်ပတ်သက်သည့် သံသယရှိသူ နှစ်ဦးကို ရဲတပ်ဖွဲ့က အစိုးရရှေ့နေများထံ မကြာမီလွှဲပြောင်းပေးတော့မည်ဟု စုံစမ်းစစ်ဆေးရေးသတင်းရပ်ကွက်က ယမန်နေ့က ပြောကြားခဲ့သည်။

ဝါရှင်တန်သဘောတူညီချက်၏နောက်ဆက်တွဲ ၂ အရ အကာအကွယ်ပေးထားသော မျိုးစိတ်များအပေါ် စီးပွားဖြစ်သွင်းကုန်စည်းမျဉ်းများကို ရှောင်ရှားရန် ကာနာဂါဝါ စီရင်စု အတ်ဆူဂီမှ အသက် ၃၆ နှစ်အရွယ် အိမ်မွေးတိရစာ္ဆန်ဆိုင်ပိုင်ရှင် တစ်ဦး နှင့် အခြားတစ်ဦးတို့ပူးပေါင်းကြံစည်ခဲ့ကြပြီး တွားသားသတ္တဝါများအား ယန်းခြောက်သန်းနှင့် ယန်း ၃ ဒသမ ၈ သန်း တို့ဖြင့် ဝယ်ယူသူနှစ်ဦးထံ အသီးသီးရောင်းချကြောင်း ဖော်ပြထားသည်။

အကောက်ခွန်အာဏာပိုင်များကို စာရွက်စာတမ်းလိမ်လည်အသုံးပြုသော သံသယရှိသူနှစ်ဦးသည် ၂၀၁၇ ခုနှစ်ခန့်က ဟောင်ကောင်မှ တိုကျိုအရှေ့ဘက် နာရီတာလေဆိပ်သို့ အနည်းဆုံး ဖွတ်သတ္တဝါ တစ်ကောင်သယ်ဆောင်ခဲ့သည်။

ဖွတ်သတ္တဝါများကို ယင်းနိုင်ငံအတွင်းသို့ တရားမဝင်သယ်ဆောင်သည်ကို ၎င်းတို့ သိရှိသည့်အတွက် အကောက်ခွန်ဉပဒေချိုးဖောက်သည်ဟု သံသယရှိသည့်ဝယ်ယူသူ နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က အစိုးရရှေ့နေများထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ထိုသတင်းရပ်ကွက်က ပြောကြားခဲ့သည်။

ဂျပန်အိမ်မွေးတိရစာ္ဆန်ချစ်သူများအကြား ယင်းကဲ့သို့သော သတ္တဝါများ ဝယ်လိုအားကောင်းနေချိန်တွင် ကုန်သည်များအနေဖြင့် အမြတ်များများဖြင့် ရောင်းချရန်ကြိုးစားလာခြင်းကြောင့် မှောင်ခိုလုပ်ငန်းများ မြင့်တက်လာခြင်းဖြစ်သည်။

ထိုဖွတ်သတ္တဝါ မှာ နှစ်မီတာ ရှည်လျားကြီးထွားကာ လှပသော အဆင်းရှိသဖြင့် လူကြိုက်များသည်။ ၎င်းသည် မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် တောရိုင်းတိရစာ္ဆန်နှင့်သစ်ပင်မျိုးစိတ်များဆိုင်ရာ ဝါရှင်တန်သဘောတူညီချက်ဟု လူသိများသည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု သဘောတူညီချက်တွင် မျိုးသုဉ်းမည့်အန္တရာယ်ကြုံတွေ့နိုင်ခြင်းမရှိသော်လည်း ၎င်းတို့၏ရေရှည် ရှင်သန်မှုမြှင့်တင်ရေးအတွက် ၎င်းတို့၏ကုန်သွယ်မှုကိုထိန်းချုပ်ခဲ့သည် ဟု ဖော်ပြထားသည်။

ကိုးကား-ကျိုဒိုနယူးစ်
ဘာသာပြန်-မြင့်မြင့်ချို