ဂျပန်နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ဟု မိုးလေဝသဌာနက သတိပေးပြောကြား

ဇူလိုင် ၁၀

ဂျပန်နိုင်ငံအရှေ့ပိုင်းနှင့် တိုဟိုကူဒေသတို့တွင်  ဇူလိုင်လ ၁၁ ရက်နေ့အထိနှင့် ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ဇူလိုင်လ ၁၂ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက သတိပေးပြောကြားထားသည်။

ရာသီဉတုပူနွေးမှု၊ လေထုစိုထိုင်းမှုတို့ကြောင့် တိုဟိုကူဒေသမှ ဂျပန်နိုင်ငံအနောက်ပိုင်းအထိ လေထုမငြိမ်သက်မှု အခြေအနေများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသဌာနက ပြောကြားသည်။ ယင်းဒေသများတွင် မိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟု ထိုဌာနကဆိုသည်။

တိုဟိုကူ၊ တိုကီနှင့် ချူဂိုကူဒေသများတွင်  ဇူလိုင်လ ၁၁ ရက်မနက်ပိုင်းအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၁၅၀ မီလီမီတာအထက်သို့ရောက်ရှိနိုင်သည်ဟု သိရသည်။ ဇူလိုင်လ ၁၂ ရက်နေ့အထိ တိုဟိုကူဒေသတွင် မိုးရေချိန် ၅၀ မီလီမီတာ၊ ချုဂိုကူနှင့် ဟိုကူရီကူဒေသတို့တွင် မိုးရေချိန် ၈၀ မီလီမီတာ၊ ကျူရှူမြောက်ပိုင်းတွင် မိုးရေချိန် ၁၀၀ မီလီမီတာအထက်ရှိနိုင်သည်ဟု ထိုအေဂျင်စီကဆိုသည်။

မိုးလေဝသတာဝန်ရှိသူများက မိုးသီးကျခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့အပြင် မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ မြစ်ရေကြီးမှုတို့နှင့်ပတ်သက်ပြီး သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို