တိုကျို ဧပြီ ၁
ဂျပန်နိုင်ငံတစ်ဝန်း၌ ဝက်သက်ရောဂါဖြစ်ပွားမှုသည် ၂၀၂၀ ပြည့်နှစ်မှစ၍ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ဝက်သက်ရောဂါသည် လေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး ပြင်းထန်သောအခြေအနေများတွင် သေဆုံးနိုင်သည်အထိ ဖြစ်စေနိုင်သည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အဖုများထွက်ခြင်းတို့ ပါဝင်သည်။
လွန်ခဲ့သော ရက်သတ္တပတ်အတွင်း အစီရင်ခံတင်ပြသည့် ပဏာမလူနာအရေအတွက်မှာ ၁၃ ဦးဖြစ်ကြောင်း ဂျပန်ကျန်းမာရေး လုံခြုံရေးဌာနက ပြောသည်။
ယခုနှစ်အတွင်း စုစုပေါင်း ရောဂါကူးစက်ခံရသူပေါင်း ၁၅၂ ဦးရှိပြီး ယခင်နှစ် အလားတူကာလထက် ၃ ဒသမ ၅ ဆ ပိုမိုများပြားကြောင်း သိရသည်။
၎င်းလူနာများအနက် ၂၈ ဦး သို့မဟုတ် စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်သည် နိုင်ငံရပ်ခြားတွင် ကူးစက်ခံထားရကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
ဂျပန် ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ပမှပြန်လာသူများအား ဝက်သက်ရောဂါကူးစက်မှုကို သတိထားရန် တိုက်တွန်းထားပြီး ခရီးသွားများ ရောဂါပျံ့နှံ့နေသော ဒေသများသို့ သွားရောက်သည့် အခါ ၎င်းတို့၏ ကာကွယ်ဆေးထိုးမှတ်တမ်းများကို စစ်ဆေးရန် တိုက်တွန်းထားကြောင်း သိရသည်။
ထို့ပြင် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ကလေးများအားကာကွယ်ဆေးထိုးနှံမှုခံယူရန်လည်း ၎င်းတို့၏ မိဘများအား အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


