ဂျပန်နိုင်ငံတိုကျိုအပါအဝင် ကန်တိုဒေသတို့၌ ဆီးနှင်းများကျဆင်း

မတ် ၈

ဂျပန်နိုင်ငံအလယ်ပိုင်းတိုကျိုအပါအဝင် နိုင်ငံတောင်ပိုင်းကန်တိုဒေသတွင် ယနေ့မနက်ပိုင်းက ဆီးနှင်းများ ကျဆင်းခဲ့ကြောင်းနှင့် မိုးလေဝသတာဝန်ရှိသူများက ဆီးနှင်းများကျဆင်းမှုကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားနိုင်သဖြင့် ပြည်သူများအားသတိပေးပြောကြားထားကြောင်း ဖော်ပြထားသည်။ အဆိုပါဆီးနှင်းများကျဆင်းမှုသည် လာမည့်နာရီ အနည်းငယ်အတွင်း ဆက်လက်ကျဆင်းမည်ဟု ယူဆရသည်ဟု ထိုတာဝန်ရှိသူများကဆိုသည်။ တိုချီဂီခရိုင်ရှိ နာဆူကိုဂန်ကုန်းမြင့်တွင် ဆီးနှင်းထု ၉ စင်တီမီတာ၊ Saitama မြို့တွင် ၃ စင်တီမီတာနှင့် နိုင်ငံအလယ်ပိုင်း တိုကျိုနှင့် ယိုကိုဟားမားတို့တွင် ၁ စင်တီမီတာ ရှိသည်ဟု သိရသည်။ ယနေ့မနက်မှ မတ်လ ၉ ရက် မနက်ပိုင်းအထိ ကိုရှင်ဒေသတွင်  နှင်းထု၂၀ စင်တီမီတာအထက်၊ ကန်တိုမြောက်ပိုင်းတောင်ကုန်းထူထပ်သောဒေသများတွင် ၈ စင်တီမီတာအထက်နှင့် တိုကျိုရှိ ခရိုင် ၂၃ ခုအပါအဝင် ကန်တိုမြောက်ပိုင်းနှင့်တောင်ပိုင်းမြေပြန့်ဒေသများတွင် ၅ စင်တီမီတာအထက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။ မိုးကြိုးပစ်ခြင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ ရုတ်တရက်မိုးရွာသွန်းခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်းနှင့် မိုးသီးများကြွေကျခြင်းတို့အတွက် ဂရုစိုက်ကြရန်သတိပေးအကြံပြုပြောကြားထားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို