ဂျပန်နိုင်ငံတိုကျိုမြို့၌ မျောက်ကျောက်ရောဂါကူးစက်မှု ဒုတိယမြောက်တွေ့ရှိ

ဇူလိုင် ၂၈

 

ဂျပန်နိုင်ငံတိုကျိုမြို့တွင် မျောက်ကျောက်ရောဂါကူးစက်ခံရသော အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဒုတိယမြောက်တွေ့ရှိခဲ့ကြောင်း ယနေ့တွင် အတည်ပြုခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါမျောက်ကျောက်ရောဂါကူးစက်ခံရသူသည် နိုင်ငံရပ်ခြားမှပြန်ရောက်လာသူဖြစ်ပြီး ဆေးရုံတက်ကုသမှုခံယူနေသော်လည်း ၎င်း၏ အခြေအနေကောင်းမွန်လျက်ရှိသည်ဟု တိုကျိုမြို့တော်တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

 

တိုကျိုမြို့တော်တွင် ဇူလိုင် ၂၅ ရက်က အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသည်ကို  ပထမဆုံးတွေ့ရှိခဲ့သည်။

 

၎င်းသည် ဥရောပနိုင်ငံတွင် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လလယ်ပိုင်းအထိ  ခရီးသွားလာခဲ့သူဖြစ်ပြီး မျောက်ကျောက်ရောဂါ ကူးစက်မှုရှိသူနှင့်အနီးကပ်ထိတွေ့ခဲ့သူဖြစ်သည်ဟု သိရသည်။

 

မျောက်ကျောက်ရောဂါကူးစက်ခံရပါက ငါးရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာများပြသကြောင်း၊ ကိုင်တွယ်ထိတွေ့ရာမှလည်းကူးစက်နိုင်ကြောင်း၊ ကနဦးရောဂါလက္ခဏာများမှာ တုပ်ကွေးရောဂါများကဲ့သို့ ဖျားနာ၊ ခေါင်းကိုက်၊ ကြွက်သားများ နာကျင်ကိုက်ခဲ၊ ခါးနာ၊ အကျိတ်ရောင်၊ ချမ်းတုန်၊ မောပန်းလက္ခဏာများ ဖြစ်ပေါ်ကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင် ၂၃ ရက်က ကြေညာထားသဖြင့် ဂျပန်အစိုးရက နိုင်ငံရပ်ခြားတွင်ရောက်ရှိနေသော၎င်းတို့၏နိုင်ငံသားများအား မျောက်ကျောက်ရောဂါကူးစက်မှုကြိုတင်ကာကွယ်မှုလုပ်ဆောင်ကြရန်နှင့် အထူးဂရုစိုက်ကြရန်  သတိပေးပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို