ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း မတိုက်ခတ်မီ ရေကာတာမှ ရေများ ထုတ်လွှတ်မည်

၄ စက်တင်ဘာ

 

 

တိုင်ဖွန်းမုန်တိုင်း ဟာဆန် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းသို့  ချဉ်းကပ်လာဖွယ်ရှိသဖြင့် ယင်းဒေသရှိ ရေကာတာများမှ ရေများ စတင်ထုတ်လွှတ်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ မြေယာနှင့် အခြေခံ အဆောက်အအုံ ဝန်ကြီး က ဆိုသည်။

 

 

နာဂါဆာကီစီရင်စုရှိ မီဘိုရို ရေကာတာ အပါအဝင် ရေကာတာ ကိုးခုရှိရေများ ထုတ်လွှတ်မှု စတင်မည် ဖြစ်ကြောင်း အစိုးရအဖွဲ့ အစည်းအဝေး သောကြာနေ့တွင် ကျင်းပခဲ့ပြီးနောက် ထိုဝန်ကြီးက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

အခြားသော ရေကာတာများရှိ ရေများ ထုတ်လွှတ်ရန်လည်း တာဝန်ရှိသူများက ပြင်ဆင်နေကြသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

 

 

အဆိုပါ မုန်တိုင်း၏ လေပြင်းထန်မှုနှင့် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ရေလျှံမှုများ ဖြစ်ပေါ်စေနိုင်ပြီး အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ရဖွယ်ရှိကြောင်း ၎င်းက ပြောကြားသည်။

 

 

မုန်တိုင်းဒဏ်ခံရမည့် ဒေသများသို့ ဘေးအန္တရာယ် ကာကွယ်ရေး တပ်ဖွဲ့များ စေလွှတ်ရန် ပြင်ဆင်ထားခြင်းနှင့် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များနှင့် ဆက်သွယ်ရေးလိုင်းများ ပြင်ဆင်ခြင်း စသဖြင့် တတ်နိုင်သမျှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အားလုံး လုပ်ဆောင်သွားမည်ဟု ထိုဝန်ကြီးက ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

mdn