ဂျပန်ရဲ့ အကူအညီနဲ့ ဗီယက်နမ်မှာ ဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ပြီးစီး

၁၄ မေ

ကြီးမားတဲ့ ကုန်တင်သင်္ဘောကြီးတွေ ကုန်တင်ကုန်ချ ပြုလုပ်နိုင်တဲ့ နိုင်ငံတကာ ဆိပ်ကမ်းသစ် တစ်ခုကို ဗီယက်နမ်မြောက်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ အန်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရပါတယ်။

ဆိပ်ကမ်းသစ်ကို မြောက်ပိုင်းမြို့တော်ဖြစ်တဲ့ ဟိုက်ပုံးမှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံက ၎င်းရဲ့တရားဝင် ဖွံ့ဖြိုးမှုထောက်ပံ့ရေး ရန်ပုံငွေကနေ ကုန်ကျစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းကို အကုန်အကျခံ တည်ဆောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်ကုမ္ပဏီတွေ အနေနဲ့လည်း ဒီဆိပ်ကမ်းသစ်မှာ ပါဝင်လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့က ဖွင့်ပွဲ အခမ်းအနားမှာ ဗီယက်နမ်ဝန်ကြီးချုပ်က ဒီစီမံကိန်းကို အနီးကပ် ပူးပေါင်း ဆောင်ရွက်ပေးခဲ့တဲ့ ဂျပန်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီဆိပ်ကမ်းက ထိထိရောက်ရောက် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြောက်ပိုင်း ဗီယက်နမ်မှာ ကြီးမားတဲ့ သင်္ဘောကြီးတွေကို လက်ခံနိုင်ဖို့ အဓိက ဆိပ်ကမ်းတွေ မရှိခဲ့ပါဘူး။ ဗီယက်နမ်ကနေ ဥရောပနဲ့ အမေရိကကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေကို ၎င်းတို့ရဲ့ ဦးတည်ရာ ခရီးပန်းတိုင်ကိုမရောက်ခင် စင်ကာပူနဲ့ ဟောင်ကောင်မှာရှိတဲ့ ဆိပ်ကမ်းတွေက ပိုပြီးကြီးမားတဲ့ ရေယာဉ်တွေနဲ့ ပြန်လည်တင်ပို့ခဲ့ရပါတယ်။ 

ယခု ဆိပ်ကမ်းသစ်မှာတော့ ကြီးမားတဲ့ သင်္ဘောတွေကို ရေအနက် ၁၄ မီတာအထိ ကမ်းကပ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ အခုလို ကမ်းခွင့်ပြုလိုက်တာဟာဆိုရင် ဒီဆိပ်ကမ်းကို အသုံးပြုနေတဲ့ သင်္ဘောတွေအတွက် ဖြန့်ဖြူးမှု ကုန်ကျစရိတ်တွေ သိသိသာသာ လျော့ကျစေမှာ ဖြစ်တယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

MDN
ကိုးကား NHK