ဂျပန်ဝန်ကြီးချုပ် ဆူဂါက တိုကျိုနှင့် အနီးဝန်းကျင်ရှိ ခရိုင်သုံးခုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရေး အရေးပေါ်အခြေအနေကြေညာရန် စီစဉ်

တိုကျို၊ ၅ ဇန်နဝါရီ

 

ဂျပန်ဝန်ကြီးချုပ် ဆူဂါသည် မြို့တော်တိုကျိုနှင့် အနီးဝန်းကျင်ရှိ ခရိုင်သုံးခုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာခြင်းကို ထိန်းချုပ်ရန် ယင်းဒေသများတွင် အရေးပေါ် အခြေအနေကြေညာရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ပြည်သူများ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်ကို လျှော့ချရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေနှင့် စပ်လျဉ်းသည့် အသေးစိတ်ဆောင်ရွက်ချက်များကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဆူဂါက ဇန်နဝါရီ  ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

ဝန်ကြီးချုပ် ဆူဂါအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်ကို ယခုတစ်ပတ်အ စောပိုင်းတွင် ကြေညာဖွယ်ရှိကြောင်းလည်း ဂျပန်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်များသည် မြို့တော်တိုကျို အပါအဝင် ကာနာဂါဝါ၊ ဆိုင်းတမနှင့် ချီဘာခရိုင်တို့တွင် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။

 

ဂျပန်နိုင်ငံအစိုးရသည် မြို့တော်တိုကျိုနှင့် အနီးဝန်းကျင်ရှိ ခရိုင်သုံးခုတွင် အရေးပေါ် အခြေအနေ ကြေညာချက်ကို ပြီးခဲ့သည့် ဧပြီလအတွင်းက ကြေညာခဲ့ပြီး အရေးပေါ်အခြေအနေ သက်တမ်း တစ်လကျော် ကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်