တိုကျို   ဧပြီ   ၁

ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးက ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ပြင်သစ်သမ္မတ မက်ခရွန်နှင့် ယနေ့ တွေ့ဆုံဆွေးနွေးသည်။

တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာတွင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး   ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးပွဲကို စတင်ခဲ့ခြင်းဖြစ်သည်။

အီရန်ပဋိပက္ခကို ထိန်းချုပ်နိုင်စေရန်အတွက် ပြင်သစ်သမ္မတ မက်ခရွန်နှင့် အနီးကပ်ဆွေးနွေးခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးက   ပြောကြားသည်။

ပြင်သစ်နိုင်ငံက ဂျပန်နိုင်ငံနှင့် ဘုံတန်ဖိုးများနှင့် အခြေခံမူများကို မျှဝေသည့် အထူးမိတ်ဖက်နိုင်ငံဖြစ်ပြီး ပစိဖိတ်ဒေသ၌ နယ်မြေများရှိသည့် အင်ဒို-ပစိဖိတ်နိုင်ငံလည်းဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်  တာကာချီဆာနေးက မှတ်ချက်ပြုခဲ့သည်။

ယူရို-အတ္တလန္တိတ်နှင့် အင်ဒို-ပစိဖိတ်ဒေသများ၏ လုံခြုံရေးသည် နီးကပ်စွာ ချိတ်ဆက်နေကြောင်းလည်း  ၎င်းက ဆက်လက်ပြောကြားသည်။

အီရန်အပါအဝင် အရှေ့အလယ်ပိုင်းရှိ အခြေအနေများသည် တိုကျိုနှင့် ပါရီတို့အတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးက ပြောကြားသည်။

ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာမှုဘေးကင်းရေး သေချာစေရန်၊ အရေးကြီးသော  ပစ္စည်းများအတွက် တည်ငြိမ်သော ထောက်ပံ့မှုများ ရရှိရေးနှင့်အခြေအနေ တိုးမြင့်လာစေရန် အရေးကြီးကြောင်း ၎င်းက အလေးအနက်ပြောကြားသည်။

ဂျပန်နှင့် ပြင်သစ်တို့သည် ကာကွယ်ရေးလုံခြုံရေးနှင့် စီးပွားရေးလုံခြုံရေးအပါအဝင် နယ်ပယ် အသီးသီးတွင် ၎င်းတို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည်ဟု  မျှော်လင့်ကြောင်းလည်း   ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးက   ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်