GPS တပ်ဆင်ထားခြင်းကြောင့် ဆိုင်ကယ်ခိုးယူသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ငဖဲ ၁၀ မတ်

 

ငဖဲမြို့နယ်တွင် ဆိုင်ကယ်ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး အဆိုပါဆိုင်ကယ်တွင် တပ်ဆင်ထားသော GPS ကြောင့် ဆိုင်ကယ်ခိုးယူသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ပဒါန်းရဲကင်းစခန်းမှ သိရသည်။ 

 

ဖြစ်စဉ်မှာ ပဒါန်းကျေးရွာ အမှတ်(၃)ရပ်ကွက်ရှိ ဆည်မြောင်းရိပ်သာတွင် ခေတ္တတည်းခိုနေသော သန်းဇော်ဦး စလင်းမြို့နယ်နေသူသည်  ဆည်မြောင်းရိပ်သာ ခြံဝန်းအတွင်းရှိ အဆောက်အဦး၏ ဆင်ဝင်အမိုးအောက်တွင် ဇတ်သော့ခတ်၍ ရပ်ထားသည့် ၎င်းပိုင် GPS တပ်ဆင်ထားသော ဆိုင်ကယ်မှာ ပျောက်ဆုံးနေသည်ကို မတ် ၉ ရက် နံနက်(၅)နာရီ (၄၅)မိနစ်တွင် သိရှိခဲ့သဖြင့် သတင်းပေးတိုင်ကြားချက်အရ ပဒါန်းနယ်မြေရဲစခန်းမှူး ရဲအုပ် နေလင်းမြင့်နှင့် အဖွဲ့သည် GPS မှ အချက်ပြ သတင်းရရှိသည့်နေရာသို့ လိုက်လံစုံစမ်း ဖမ်းဆီးရာ မင်းဘူးမြို့နယ် ကြီးပင်အနောက်ရွာနေ ကျော်အောင် သုံးဘီးဆိုင်ကယ်မောင်းအား မတ် ၉ ရက် ညနေ(၄)နာရီတွင် ၎င်း၏အစ်ကိုဖြစ်သူ သက်အောင်ဆန်း၏ နေအိမ်ခြံဝန်းအတွင်းမှ ဆိုင်ကယ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်အောင်အား ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းမှ (ပ)၇၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ဆိုင်ကယ်) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

 

ကျော်ဇေယျ