ဂရိအပန်းဖြေစခန်း၌  တောမီးလောင်မှုကြောင့် သက်ကြီးရွယ်အို  အများအပြား ဘေးလွတ်ရာသို့ ပြောင်းရွှေ့

အေသင်  ၁၆ စက်တင်ဘာ 


ဂရိနိုင်ငံ၏ မြို့တော်အေသင်မြို့မှ တောင်ဘက်ပင်လယ်ကမ်းနားရှိ လူထရာကီအမည်ရှိ အပန်းဖြေစခန်းတွင် တောမီးလောင်မှုတစ်ခု ယနေ့ဖြစ်ပွားခဲ့ရာ သက်ကြီးရွယ်အို အများအပြားကို ဘိုးဘွားရိပ်သာနှင့် ဘုန်းကြီးကျောင်းများသို့  ပြောင်းရွှေ့ပေးခဲ့ကြောင်း  ဂရိအမျိုးသား သတင်းအေဂျင်စီက ဖော်ပြသည်။


ဒေသဆိုင်ရာ တာဝန်ရှိသူများသည် အဆိုပါ တောမီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၇၀ ခန့်၊ မီးသတ်လေယာဉ် လေးစင်းနှင့် ရဟတ်ယာဉ် ခြောက်စင်းတို့ကို မီးလောင်မှု ဖြစ်ပွားသည့် နေရာတွင် ဖြန့်ကြက်ထားကြောင်း ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့က ပြောကြားသည်။


သို့သော်  အဆိုပါ  မီးလောင်မှုသည် လူနေရပ်ကွက်များကို  မကူးစက်နိုင်သလို မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုတစ်စုံတစ်ဦးမျှ မရှိကြောင်း သိရသည်။


အဆိုပါ တောမီးလောင်မှုသည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် မီးလောင်မှု ထိန်းချုပ်နိုင်ရန် အခက်အခဲ ရှိခဲ့ကြောင်း၊ ယနေ့ညနေပိုင်းမှစ၍ မီးလောင်မှုသည် အရှိန်လျော့နည်းလာကြောင်း မိုးလေဝသဌာနက ပြောကြားသည်။


ဂရိနိုင်ငံသည် အဓိကအားဖြင့် နွေရာသီကာ တောမီးလောင်မှုကြောင့် နှစ်စဉ်ပျက်စီး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။ ယင်းမီးလောင်မှုများသည် အများအားဖြင့် အပူလှိုင်းများနှင့် တောမီးရှို့မှုများတို့ကြောင့် ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ