ဂရိနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ခြောက်ဦးရှိလာ

စက်တင်ဘာ ၈

 

ဂရိနိုင်ငံအလယ်ပိုင်းတွင် ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့် ယမန်နေ့မွန်းလွဲပိုင်းက Thessaly ဒေသတွင် အမျိုးသမီးကြီးနှစ်ဦး၏အလောင်းကိုတွေ့ရှိပြီးနောက် သေဆုံးသူ ခြောက်ဦးအထိရှိလာကြောင်း ဂရိအမျိုးသားရုပ်သံလွှင့်အီးအာတီက ဖော်ပြထားသည်။

 

ရေဘေးသင့်မှုအများဆုံးဖြစ်သော ထိုဒေသရှိ ကျေးရွာများတွင် ၎င်းတို့၏နေအိမ်များအတွင်း လူ ၆၄ ဦးထက်မနည်း ပိတ်မိနေခဲ့သည်ဟု သိရသည်။ 

 

နိုင်ငံတစ်ဝန်းတွင် လက်ရှိအချိန်အထိ မီးသတ်တပ်ဖွဲ့က လူပေါင်း ၈၂၀ ကို ကယ်ဆယ်ခဲ့ပြီး ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ 

 

လမ်းမများပေါ်ရှိ လဲကျနေသောသစ်ပင်များကို ဖယ်ရှားရန်၊ ရေများစုပ်တင်ရန်နှင့် ရေဘေးသင့်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရန်စသည့် အကူအညီတောင်းဆိုမှု  ၄၈၇၀ ကို စက်တင်ဘာ ၅ ရက်နေ့ကစတင်ကာ လက်ခံရရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ကဆိုသည်။

 

ထိုကျေးရွာများရှိ ရာနှင်ချီသောနေအိမ်များသည် ရေများနှင့် ရွှံ့မြေများအောက်တွင် နစ်မြုပ်ခဲ့ပြီး လမ်းကွန်ရက်များ ပျက်စီးသွားကြောင်း ဂရိအမျိုးသားသတင်းအေဂျင်စီ အေအမ်အင်န်အေက ဖော်ပြထားသည်။

 

ထရီကာလာနှင့် ကာဒစ်ဆာမြို့များကြားတွင် ရေကြီးမှုအခြေအနေဆိုးရွားကာ ဆည်ကျိုးပေါက်ခဲ့ပြီး မြစ်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို