ဂါရတ်ဘေးလ် ဘယ်ကိုပြောင်းမလဲ

ဂါရတ်ဘေးလ်ဆိုတာဟာ ရီးရဲမက်ဒရစ်အသင်းကို ၁၃ ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကို ရယူပေးခဲ့တဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ချန်ပီယံလိဂ်ဆုဖလားလေးလုံး ရယူခဲ့တဲ့နေရာမှာတော့ ဂါရတ်ဘေးလ်က အဓိက ကစားသမားအဖြစ် ရှိနေခဲ့တယ်။ ၂၀၁၄ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း အသင်း အတွက်အရေးပါတဲ့ သွင်းဂိုးကိုသွင်းယူပေးခဲ့တယ်။ ၂၀၁၆ ခုနှစ်တုန်းက ဆိုရင်လည်း သူ့ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တယ်။ ဒါ့အပြင် လီဗာပူးအသင်းကိုနိုင်ခဲ့တဲ့ ၂၀၁၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းကဆိုရင်လည်း အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရီးရဲမက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းကြောင်းကို ပြန်လှန်မယ်ဆိုရင် ဂါရတ်ဘေးလ်ရဲ့အရေးပါမှုကတော့ ချန်လှပ်လို့ မရနိုင်ပါဘူး။

ဒါပေမယ့်ဂါရတ်ဘေးလ်လို့ဆိုလိုက်တာနဲ့ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရတဲ့ ကစားသမားဆိုတာကိုတော့ လူတိုင်းမငြင်းနိုင်ပါဘူး။ အထူးသဖြင့်ရီးရဲမက်ဒရစ် အသင်းမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ခြောက်နှစ်အတွင်း သူကစားရတဲ့မိနစ်ဟာ ၂၀ဝ၀ တစ်ခါမှ မကျော်တာကိုတော့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ ရီးရဲမက်ဒရစ် အသင်းပရိသတ်တွေရဲ့ မျက်လုံးထဲမှာတော့ အဓိကအရေးပါတဲ့အချိန်တွေတိုင်းမှာ ဒဏ်ရာပြဿနာရှိနေတဲ့ ကစားသမားတစ်ဦးလို့ မြင်နေပြီး အသင်းမှာ ဆက်လက်ရှိနေဖို့ မလိုလားကြတာလည်း ဖြစ်ပါတယ်။ အခုတော့ ဂါရတ်ဘေးလ်ရဲ့ ရီးရဲမက်ဒရစ်အသင်းမှာ ကစားနေခဲ့တဲ့ ခြောက်နှစ်ကြာခရီးကတော့ အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ ပြောရမှာပါ။ ပြီးခဲ့တဲ့ရက်ကပဲ ရီးရဲမက်ဒရစ် နည်းပြဇီဒန်းက ဝေလ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အသင်းကနေထွက်ခွာဖို့ နီးစပ်မှုရှိနေပြီလို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့တယ်။ ဂါရတ်ဘေးလ် ဘယ်ကိုသွားမလဲ။ လက်ရှိဖြစ်နိုင်ခြေ၊ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သုံးသပ်ကြည့်မယ်ဆိုရင်တော့ ဂါရတ်ဘေးလ်ရဲ့ ဦးတည်ရာဟာ သုံးနေရာသာ ရှိတယ်လို့ပြောရမယ်။

မန်ယူ

ဂါရတ်ဘေးလ်ရဲ့ ယခုနှစ်နွေရာသီမှာ ပြောင်းရွှေ့နိုင်ဖို့အတွက် အဖြစ်နိုင်ဆုံး နေရာတစ်ခုကို ပြောပါဆိုရင်တော့ မန်ယူအသင်းလို့ပြောရမယ်။ မန်ယူအသင်းဟာ အစောပိုင်းနှစ်တွေကတည်းက ဂါရတ်ဘေးလ်ကိုခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်တစ်ခါမှတော့ မန်ယူအသင်းဟာ ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ အခုတော့ မန်ယူအသင်းဟာ ဂါရတ်ဘေးလ်ကိုခေါ်ယူဖို့အတွက် အခွင့် အရေးရနေပြီလို့ ပြောရမှာပါ။

မန်ယူအသင်းအနေနဲ့ ဂါရတ်ဘေးလ်ကို ခြေစွမ်းအရစဉ်းစားပြီး မခေါ်ယူဘူး ဆိုရင်တောင် ဂါရတ်ဘေးလ်ရဲ့ အရှိန်အဝါနဲ့ လူသိများမှုဟာ အသင်းအတွက်တော့ ငွေကြေးအကျိုးအမြတ် များနိုင်တယ်လို့ပြောရမှာပါ။ အထူးသဖြင့်ကမ္ဘာနဲ့အဝန်းရှိကြတဲ့ မန်ယူပရိသတ်တွေ ဂါရတ်ဘေးလ်သာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူနဲ့ပတ်သက်တဲ့ မန်ယူဂျာစီက စံချိန်တင်ရောင်းရမှုတွေ ရရှိလာနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ခမြင့်မားတဲ့ ဂါရတ်ဘေးလ်လို ကစားသမားမျိုးကို ခေါ်ယူနိုင်တဲ့ အသင်းတွေထဲမှာတော့ မန်ယူအသင်းက တစ်သင်းအပါအဝင်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း အသင်းတစ်သင်း ဖြစ်တာကြောင့်လည်း နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိစေဖို့ ပြောင်းရွှေ့မှုတစ်ခုလို့လည်း ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် ဂါရတ်ဘေးလ်ရဲ့အရွှေ့ဟာ မန်ယူအသင်းကို ဦးတည်လာမလားဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်တော့ ရီးရဲမက်ဒရစ်အသင်းဟာ နေမာကို ခေါ်ယူရေးအတွက် ဂါရတ်ဘေးလ်ကို အလဲအလှယ်အနေနဲ့ အသုံးပြုသွား ဖို့ရှိနေတယ်လို့ဆိုပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့ကလည်း ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာမယ်ဆိုရင်တောင် ထိပ်တန်းအဆင့်ရှိတဲ့ အသင်းကိုသာ ပြောင်းရွှေ့ချင်တာကြောင့် ပီအက်စ်ဂျီအသင်းဟာ သူ့အတွက်တော့ သင့်တော်တဲ့အသင်းလို့လည်း ပြောရမှာပါ။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းအနေနဲ့ကလည်း ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ နေမာဟာ အသင်းမှာမနေချင်တာကြောင့် ထွက်ခွာခွင့်ပြုဖို့ရှိနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းဟာ ပြည်တွင်းဖလားပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုတွေနဲ့ ဝေဆာနေပေမယ့် ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ ဝေးကွာနေတာကြောင့်လည်း ချန်ပီယံလိဂ်နဲ့ပတ်သက်လာရင် အတွေ့အကြုံများလွန်းတဲ့ ဂါရတ်ဘေးလ်လို ကစားသမားမျိုးကိုတော့ ခေါ်ယူဖို့ နှစ်သက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်ပီအက်စ်ဂျီအသင်းဟာ နေမာသာမက အသင်းရဲ့တိုက်စစ်မှူး ကာဗာနီ ကိုလည်း ဖယ်ထုတ်ဖို့ရှိနေတာကြောင့် သူတို့ရဲ့နေရာမှာတော့ ထိပ်တန်းကစားသမား တစ်ဦးကို အရခေါ်ယူရမှာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ဘောလုံးလောကမှာတော့ ဂါရတ်ဘေးလ်နဲ့ ယှဉ်နိုင်လောက်အောင် ကောင်းမွန်လွန်းတဲ့ ကစားသမားဟာ သိပ်များများမရှိပါဘူး။ ဒါ့အပြင် ဂါရတ်ဘေးလ်ရဲ့လုပ်ခလစာနဲ့ ပတ်သက်ပြီး ရီးရဲမက်ဒရစ်အသင်းမှာ ရရှိနေတဲ့အတိုင်း ပေးနိုင်တဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂါရတ်ဘေးလ်အနေနဲ့ စိန်ခေါ်မှုသစ်တွေအတွက် ပြင်သစ်မြေကိုတောင် ရောက်နိုင်ပါတယ်။

နာပိုလီ

ဂါရတ်ဘေးလ်ရဲ့ ရီးရဲမက်ဒရစ်အသင်းမှာကစားခဲ့တဲ့ ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း အကောင်းဆုံးရာသီတွေအတွက် ကစားနိုင်ခဲ့တာကတော့ ရီးရဲမက်ဒရစ်အသင်းကို စတင်ရောက်ရှိခဲ့တဲ့ ပထမနှစ်ရာသီလို့ ပြောရမှာပါ။ အဲဒီတုန်းက ရီးရဲမက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြက အန်ဆယ်လော့တီဖြစ်ပြီး ဂါရတ်ဘေးလ်ဟာ သူ့ရဲ့ လက်အောက်မှာတော့ ခြေစွမ်းတွေပြပြီး ပုံမှန်နီးပါးကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အန်ဆယ်လော့တီဟာ နာပိုလီအသင်းကို ကိုင်တွယ်နေပြီဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့ အပြင်းအထန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အန်ဆယ်လော့တီအနေနဲ့ အသင်းနဲ့အတူ အောင်မြင်မှုတွေရယူ ဖို့အတွက် ဂါရတ်ဘေးလ်ကိုခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ဆိုပါတယ်။ ဂါရတ်ဘေးလ်ရဲ့ ဖြစ်နိုင်ဖွယ်ရာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သုံးသပ်မိသမျှကို တင်ပြလိုက်ပေမယ့် ဘောလုံးလောကမှတော့ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ ဆိုးရိုးကတော့ ရှိနေပါတယ်။

ဒါကြောင့် ဂါရတ်ဘေးလ်အနေနဲ့ ဖြစ်နိုင်ခြေ သုံးသင်းထက်ကျော်လွန်ပြီး အခြားအသင်းတွေကို ပြောင်းရွှေ့မလား။ ဒါမဟုတ် ဒီအသင်း သုံးသင်းထဲက တစ်သင်းကိုပဲ ပြောင်းရွှေ့ မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ။

အောင်က

mdn