ဂရုဓမ္မသီလဖြည့်ကျင့်စောင့်ထိန်းကြ 

ဒေါက်တာမောင်ဖြေ (အမျိုးသားစာပေဆုရ)

 

ကန်ရာ သီဟု၊ အာနီမြခိုင်၊ ယင်းမာလှိုင်က၊ မွှေးကြိုင်နံ့ရွှင်း၊ တော်သလင်းကား၊ မြစ်တွင်းရတု၊ ပန်းလုသဘင်၊ သစ်ဆင်းယင်လျက်၊ လက်သင်လှော်ကား၊ ရွှေသားစက်ကွင်း၊ လှေချင်းလှော်ပြိုင် ဟုစာဆိုဦးအောင်ကြီးက ကန်ရာ သီဖွဲ့ လူးတားတွင်စပ်ဆိုခဲ့သည်။ ဤတော်သလင်းလကို ရှေးအခါက “သစ်ဆင်းလ ဟု ခေါ်ခဲ့သည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်းပြုဆရာ လှေသင်းအတွင်းဝန်၏ ဆရာအရင်း ဖြစ်တော်မူသည့် မုံရွေးဇေတဝန်ဆရာတော်ကြီးက သမ္တစက္ခုဒီပနီပထမကျမ်းတွင် သစ်ဆင်းလ ဆိုသည်မှာ တော်သလင်းလကိုဆိုလိုသည်ဟု ဖော်ပြ ထားခဲ့သည်။ ရာသီဥတုကြည်လင်သာယာပြီး မြစ်ပြင်တွင် လှိုင်းလေငြိမ်သည့်အခါ ရာသီအကြိုက်ဖြစ်သော လှေပြိုင်ပွဲသဘင်ကို ဆင်ယင်ကျင်းပခဲ့ဟန်ရှိ၏။ ရှေးအခါက လှေပြိုင်ပွဲသဘင်ကို ပန်းလုသဘင်၊ လှေပွဲသဘင်၊ မြစ်ယံပွဲစသည်ဖြင့် အမျိုးမျိုးခေါ်ဆိုလာ ကြသည်။

လှော်ကားလှေ

ထိုလှေပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲသောလှေများမှာ လှော်ကားလှေဖြစ်သည်ဟု အမှတ်အသားပြုကြသည်။ လှော်ကားလှေ၏အကြောင်းကို ရွှေဘုံနိဒါန်း၌ဖော်ပြ ထားသည်မှာ အလောင်းစည်သူမင်းသည် သင်္ကန်းနက်ဖောင်ဖြင့် ဇမ္ဗူဒိပ်ကျွန်းသို့လှည့်လည်ရာ ဆင်ကိုသတ်၍ ဆင်စွယ်ကို အသိုက်ပြုနေသော ကင်းကောင်ကြီး တစ်ကောင်ကို တွေ့သည်ဟုဆိုသည်။ ထိုဆင်စွယ်အသိုက်ကို ဆောင်ယူသည်တွင် ကင်းကောင်ကြီးသည် သမုဒ္ဒရာကိုကူး၍ ပြေးလိုက်သည်။ ခေါင်းနှင့်အမြီးကိုထောင်၍ပြသည်။ အလောင်းစည်သူမင်းလည်း နေပြည်တော်သို့ရောက်လျှင် ခေါင်းနှင့်အမြီးကိုထောင်ပြသော ကင်းကောင်ကြီး၏သဏ္ဌာန် လှေတော်ကိုပြုလုပ်စေပြီး ထိုလှေကိုလှော်ကားလှေဟု အမည်တွင်စေခဲ့သည်။ ထို့နောက် ယင်းလှော်ကားလှေတို့ဖြင့် လှေပြိုင်ပွဲကျင်းပကြသည်။ လှေပြိုင်ပွဲတွင်ထားသော ပန်းတိုင်တွင် အဝါရောင်စက္ကူပေါ်၌ အမည်းကွက်ခြယ်ထားသော စက်ကွင်းကိုချိတ်ဆွဲထားသည်။ ယင်းကိုစာဆိုတို့၏ တေးကဗျာတို့၌ “ရွှေသားစက်ကွင်း ဟုဖော်ပြစပ်ဆိုကြသည်။ ဘုရင့်လှေတော်သားများနှင့်တကွ ဘုရင်ကခွင့်ပြုသော အရပ်သားလှေတော်သားများသည် ဆိုင်ရာ ဆိုင်ရာအဖွဲ့အလိုက်၊ အုပ်စုအလိုက်လှေပြိုင်ပွဲဆင်နွှဲကြသည်။

ဒုတိယအင်းဝခေတ်

တောင်သူလယ်သမားကြီးများသည် ဆန်စပါး စိုက်ပျိုးရာ၌ အဓိကဖြစ်သောမိုးကို မျှော်ကိုးလျက်ရှိကြသည်။ လွန်စွာစိုးရိမ်တတ်ကြသဖြင့် နှစ်စဉ်နှစ်တိုင်း မိုးကောင်းစေရန် နည်းအမျိုးမျိုးဖြင့် ကြံဖန်ဆုတောင်း လေ့ရှိကြပါသည်။ ဤကိစ္စ၌လည်း မိုးကောင်းစေရန် အဓိကပြုလုပ်လျက် နတ်ပွဲများကို ငါးကြော်၊ မုန့်ဖြူ၊ မုန့်နီစသည်ဖြင့် ပူဇော်ပသပြီးလျှင် နတ်ဆိုင်းများတီးလျက် သစ်ဆင်းသဘင်ကို ကျင်းပကြသည်။ လေးတိုင်စင်မြင့်မှ မြစ်လယ်ရေထဲသို့ ခုန်ချလိုက်သူသည်အကယ်၍ ပက်လက်ကျသွားသည်ကိုမြင်ပါက ထိုနှစ်၌ မိုးခေါင်မည်ဟု ယူဆကြသည်။ ထိုသူမှောက်လျက်ကျသွားသည်ကို မြင်ကြပါမူ မိုးကောင်းမည်ဟု ယူဆကြသည်ကို လေ့လာရသည်။ ထို့ပြင် ဆရာကြီး ဒဂုန်နတ်ရှင်က ဤသစ်ဆင်းပွဲတော်အယူသည် ဒုတိယ အင်းဝခေတ်တွင်ပေါ်ပေါက်၍ ကုန်းဘောင်ခေတ်တွင် တိမ်ကောသွားသည်ဟု ဆို၏။

တော်သလင်းသစ်ဆင်းဟူသော အခေါ်အဝေါ် အမည်နှင့်စပ်လျဉ်း၍ သက္ကရာဇ် ၈၈၉ ခုနှစ်ခန့်က ရှင်အဂ္ဂသမာဓိ စပ်ဆိုခဲ့သည့် “ သုဝဏ္ဏလျှံသူဌေးခန်း ပျို့ကဗျာတွင် “အခါခါမင်္ဂလာဖြင့် တကာလူဗိုလ်လွန်ကြည်ညို၍ ဝါဆိုဝါခေါင် ယဉ်ဆောင်သစ်ဆင်း တော်သလင်းနှင့်ဟု ဖွဲ့ဆိုထားသည်။

သက္ကရာဇ် ၉၃၁ ခုနှစ်ခန့်တွင် စပ်ဆိုခဲ့သည့် မင်းရဲကျော်စွာစုန်ဧချင်းတွင် “သဘင်ပန်းလု ခါရတုဖြင့် ပျော်မှုစံခင်း တော်သလင်းတုံ သစ်ဆင်းအခါ ပျော်ဘွယ်သာတည့်---” ဟူ၍လည်း စပ်ဆိုထားသည်ကို လေ့လာရပေသည်။ သစ်ဆင်းအသုံးအနှုန်းကို အင်းဝခေတ်ကဗျာများတွင် ခံစားတွေ့ရ၏။

နိုင်ငံတော်ကာကွယ်ရေးအတွက်

တော်သလင်းတွင် ရေစီးအဟုန် မညံ့မဖျင်းဖြစ်၏။ မြစ်တွင်သာ၍ သစ်ဖောင်၊ ဝါးဖောင်များစုန်ဆင်းလေ့ရှိ၏။ ဤသည်ကို အကြောင်းပြု၍ တော်သလင်းကိုသစ်ဆင်းလဟု တွေးဆနိုင်၏။ ရှေးမြန်မာမင်းတို့ ကျင်းပသည့်လှေပြိုင်ပွဲသဘင်ကား ပျော်ပွဲသဘင်မဟုတ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် ရေတပ်အင်အားကို တစ်နည်းတစ်လမ်း စမ်းသပ်လေ့ကျင့်ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ရေတပ်မတော်သားများ၏ အရည်အသွေးကို တိုးတက်စေသောပွဲတော် ဖြစ်ပေသည်

ကန်ဆင်းမိုးရွာချိန်

၉၅၂ ခုနှစ်ထိုး ကျောက်ဆည်မြို့ ရွှေသာလျောင်း ကျောက်စာတွင် “သက္ကရာဇ်သင်္ချာ၊ ကိုးရာ့ငါးဆယ်၊ စွန်သွယ်နှစ်စု၊ ဥတုဝဿ၊ လင်္ကာသစ်ဆင်း၊ တော်သလင်း ဆန်တက်၊ ယှစ်ရက်ပိတဟူနိယ် ဟူ၍ သစ်ဆင်းအသုံးကို ရှေးဦးစွာတွေ့ရသည်ဆို၏။ ထိုခေတ်က သစ်ဆင်းပွဲကျင်းပသည်ကို အကြောင်းပြု၍ သစ်ဆင်းလဟု အမည်တစ်မျိုး မှည့်ခဲ့ကြဟန်ရှိပေသည်။

မိုးတိမ်ကင်းစင်သည့်ကောင်းကင်တွင် နေမင်းက “တော်သလင်းနေ၊ ပုစွန်သေ ဟူသော ဆိုစကားဖြစ်လောက်အောင် ပြင်းပြစွာ ထွန်းလင်းလျက်ရှိတတ်သည်။ တစ်ခါတစ်ရံ ရာသီဥတုက ဖောက်ပြန်လာလျှင် မိုးရွာသည်။ တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် မိုးသည်းတတ်၏။ တန်ဆိပ်ဝန်မင်းက အဘိရုကပျို့တွင် “လျှံဝင်းဖြိုးဖြိုး၊ ကန်ဆင်းမိုး ဟုစပ်ဆိုထား၏။ ကန်ဆင်းမိုးသည် မြန်မာနှစ်ဆန်း ၁ ရက်မှရေတွက်လျှင် ရက်ပေါင်း ၁၅၄ ရက် ဖြစ်သောနေ့ကို ဗဟိုထား၍ ရှေ့ခုနစ်ရက်၊ နောက်ခုနစ်ရက်တွင် ရွာတတ်သောမိုးကို ဆိုလိုသည်။ ထိုနေ့အရုံဏ်တက်ချိန်တွင် မိုးကောင်းကင်၌ ဖျောက်ဆိပ်ကြယ်မွန်းလွဲသည်။ တနဂငေ်္နွခေါ် ဂြိုဟ်ကြီးသည် သိဟ်ရာသီမှ ကန်ရာ သီသို့ဆင်းသက်သည်။ ထိုအချိန်အခါတွင် ရွာသောမိုးကို ကန်ဆင်းမိုးဟု ခေါ်ဝေါ်ကြသူလည်းရှိသည်။

ထို့ပြင် မာဃဒေဝလင်္ကာသစ်ကြီး၌ သတိပေးထားသည်မှာ “ရာငါးဆယ်လေး မဝေးသင်္ချေ ပဒုမ္မာကြာနှင့် ယင်းမာထုံသင်း တော်သလင်း၌ ကန်ဆင်းခေါ်မြဲ ဖျောက်ဆိပ်မွန်းလွဲ နှမ်းကြဲကာလ ဟူ၍ နှစ်ဆန်း ၁ ရက်နေ့မှ ၁၅၄ ရက်မြောက် တော်သလင်းလ (စက်တင်ဘာလ ၁၇) တွင်ဖျောက်ဆိပ်ကြယ် မွန်းလွဲချိန်တွင် ကန်ဆင်းမိုးရွာမည်ဟုဆိုသည်။

သီလလုံခြုံကြသည့် အတိတ်ဝတ္ထု

တော်သလင်းလပြည့်နေ့သည် ဂရုဓမ္မအခါတော်နေ့ ဖြစ်သည်။ ကုရုတိုင်းဣန္ပတ္တနဂိုရ်မြို့၌ ဓနဉ္စယကောရဗျမင်းသည် မင်းပြု၏။ ထိုမင်းသည် ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမူ၍ ကုရုဓမ္မသီလ၌တည်၏။ ကုရုဓမ္မသီလဟူသည်ကား ငါးပါးသီလပေတည်း။ ကောရဗျ မင်းမှစ၍ တိုင်းသူပြည်သားအားလုံး ကုရုဓမ္မသီလကို စောင့်ထိန်းကြ၏။

ကုရုဓမ္မသီလ (ငါးပါးသီလ) သည် ကမ္ဘာဦးအခါက စတင်ဖြစ်ပေါ်လာသည့် တရားဖြစ်၍ ပဝေဏီဓမ္မဟုလည်း ခေါ်သည်။ ထို့ပြင် ယင်းသီလကို အခြားအမည်ထူးများဖြင့်လည်း ခေါ်ဆိုကြသေး၏။ လူတိုင်းလိုက်နာ ကျင့်သုံးရမည့် တရားဓမ္မဖြစ်သဖြင့် “ဓမ္မတာသီလ၊ သူတော်ကောင်းတို့ အလေးဂရုထား၍ ကျင့်သုံးအပ်သဖြင့် “ဂရုဓမ္မသီလ၊ စကြဝတေးမင်းတို့ ဓမ္မသတ်သဖွယ်ကျင့်သုံးသဖြင့် “စက္ကဝတ္တိဓမ္မသတ်သီလ၊ ကုရုတိုင်းနေ ပြည်သူတို့ လိုက်နာကျင့်သုံးသော တရားဖြစ်သဖြင့် “ကုရုဓမ္မသီလ၊ အရေအတွက်အားဖြင့် ငါးပါးရှိသဖြင့် “ပဉ္စသီလ ဟူ၍ အမည်ထူးများခေါ်တွင်ကြ၏

မိုးခေါင်ကပ်ဆိုက်သော နိုင်ငံ

ကာလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကာလိင်္ဂမင်းသည် မင်းပြု၏။ ထိုမင်း၏တိုင်းပြည်၌ မိုးမရွာသောကြောင့် တိုင်းပြည်တစ်ဝန်းလုံး၌ ငတ်မွတ်ခြင်းဘေးသည်ဖြစ်၏။ အာဟာရ ချို့တဲ့ခြင်းကြောင့် လူတို့၏ရောဂါများလည်း ဖြစ်၏။ မိုးမရွာသောဘေး၊ ငတ်မွတ်သောဘေး၊ ရောဂါဘေး ဤသုံးပါးတို့သည် ဖြစ်ပေါ်လာကုန်၏။

ရှေးရှေးသောမင်းတို့ကဲ့သို့ မိုးမရွာလျှင် အလှူပေး၍ ဥပုသ်ဆောက်တည်ကြသော်လည်း မိုးကား မရွာပါ။ ဣန္ဒပတ္တနဂိုရ်ပြည်မှာ ဓနဥယကောရဗျမင်း၌ အဥနဝဏ္ဏမည်သော မင်္ဂလာဆင်တော်ရှိ၏။ ယင်းဆင်ဖြူရှိ၍ မိုးရွာသည်ဟု ယူဆကြ၏။

ဆင်ဖြူတော်ရောက်သော်လည်း မိုးမရွာ

တမန်တော်များလွှတ်၍ မင်္ဂလာဆင်တော်ကို အလှူခံရာ အထူးထူးသောတန်ဆာဆင်၍ မင်္ဂလာဆင်ဖြူတော်နှင့်တကွ ဆင်ထိန်းကိုပါ ဝမ်းမြောက်ဝမ်းသာ ပေးလှူလိုက်၏။ ဒန္တပူရပြည်သို့ ဆင်ဖြူတော်ရောက်သော်လည်း မိုးသည်မရွာ၊ ကုရုဓမ္မတရားကို အမြဲစောင့်ထိန်းကြသောကြောင့် မိုးရွာကြောင်း သိကြသောအခါ ထိုတရားကို တောင်းယူပြီး ကျင့်သုံးမှသင့်လျော်ပါတော့မည်ဟု လျှောက်ထားကြကုန်၏။ လျှောက်ထားကြသည့်အတိုင်း ကောရဗျမင်းထံကုရုဓမ္မသီလကို တောင်းခံကြ၏။ ထိုစဉ် ကောရဗျမင်းက “ငါသည်ကုရုဓမ္မ(ငါးပါးသီလ)ကို စောင့်ရှောက်နေ သည်ကား မှန်၏။ သို့သော် ငါသည် ငါစောင့်ထိန်းသော သီလအပေါ်၌ ငါကိုယ်တိုင်ပင် ကျေကျေနပ်နပ် မနှစ်သက်နိုင်သေးပါ ဟု ဆို၏။

တစ်ဆယ့်တစ်ဦးသောသူတို့နှင့် ကုရုဓမ္မသီလ

ကျွန်ုပ်တို့အား ကုရုဓမ္မ ဂရုဓမ္မသီလကိုသာ ပေးတော်မူပါဟု တောင်းခံသဖြင့် (၁) သတ္တဝါကိုမသတ်အပ်၊ (၂) အရှင်မပေးအပ်သောဥစ္စာကို မခိုးအပ်၊ (၃)ကာမတို့၌ မှားသောအကျင့်ကို မကျင့်အပ်၊ (၄)မုသားစကားကိုမဆိုအပ်၊ (၅) သေအရက်ကိုမသောက်အပ်ဟု ရွှေပြားပေါ်၌ ရေးစေ၍ပေးလိုက်၏။

မင်းကြီးသည် ငါ့သီလကို ငါကိုယ်တိုင်ပင် မနှစ်သက်သေးသည်ဖြစ်၍ ငါ့မယ်တော်ကြီးထံသွား၍ တောင်းကြလေဦးဟု ဆို၏။ သို့ဖြစ်၍ (၂) မယ်တော်ကြီးထံ သွားတောင်းကြသည်။ ထို့နောက် (၃) ချွေးမ မိဖုရားထံ၊ (၄) အိမ်ရှေ့မင်းထံ၊ (၅) ပုရောဟိတ်ထံ၊ (၆) မြေတိုင်း အမတ်ကြီးထံ၊ (၇) ရထားထိန်းထံ၊ (၈) သူဌေးကြီးထံ၊ (၉) စပါးတင်းခြင်အမတ်ကြီးထံ၊ (၁၀) တံခါးစောင့်ထံ၊ (၁၁) ပြည့်တန်ဆာမထံအသီးသီး ကုရုဓမ္မသီလကို လိုက်လံတောင်းယူကြသည်။

ပြည့်တန်ဆာမထံသွားကြပြန်

နောက်ဆုံး ၁၁ ယောက်မြောက်ဖြစ်သော ဝဏ္ဏဝါသီအမည်ရှိသော ပြည့်တန်ဆာမထံသို့သွားကြပြီး တမန်တို့က အရှင်မ စောင့်ထိန်းသော ကုရုဓမ္မသီလပေးပါဟု တောင်းသောအခါ မပေးလိုကြောင်း၊ မိမိသည် မိမိကိုယ်ကိုရင်း၍ အသက်မွေးမြူသော ပြည့်တန်ဆာမတစ်ဦးဖြစ်ပါ၏။ တစ်နေ့သောအခါ လုလင်ပျိုတစ်ယောက်သည် ကျွန်ုပ်လာခဲ့ပါမည်ဟုဆိုကာ တစ်ထောင်ကျပ်ပေးကာ ပြန်သွား၏။ သုံးနှစ်ကြာသည်အထိ ပေါ်မလာခဲ့ပါ။ သူသည်ဥစ္စာများ ကုန်ခန်းသွားသဖြင့် အသက်မွေးမြူဖို့ရာ ခက်ခဲလာ၏။ ထိုယောကျာ်း သေသည်၊ ရှင်သည်ကိုလည်း မသိတော့ပါ။ ကျွန်ုပ်၏စားဝတ်နေရေးများ အခက်အခဲများ ရှိပါသဖြင့် နောက်ထပ် ယောကျာ်းတစ်ယောက်က အတူနေဖို့ရန် တစ်ထောင်သောငွေကို ပေးလေ၏။ ပြည့်တန်ဆာမသည်လည်း ထိုငွေကိုယူဖို့ရန် လက်ကိုဆန့်တန်းလိုက်၏။ ထိုအချိန်၌ မူလက ငွေပေးခဲ့သော လုလင်ပျိုသည် ပြန်လည်ရောက်ရှိလာ၏။ ထိုလုလင်ပျိုကားအခြားမဟုတ် သိကြားမင်းဖြစ်၏။ ပြည့်တန်ဆာမသည် ဒုတိယယောကျာ်းကပေးသော အသပြာငွေတို့ကို လက်မခံခဲ့ပါ။ ယခုယောကျာ်းကား လွန်ခဲ့သောသုံးနှစ်က ငါ့အားငွေတစ်ထောင်ကျပ် ပေးခဲ့သောသူဖြစ်၍ ဟုပြောကာ မိမိလက်ကို ပြန်ရုပ်သိမ်း၏။ သိကြားမင်းကား ဤမိန်းမ၏အကျင့်သီလကို စမ်းသပ်လို၍ လွန်ခဲ့သောသုံးနှစ်ခန့်က တစ်ထောင်သော ဥစ္စာကိုပေးခဲ့၏။ ဤပြည့်တန်ဆာမအား ကောင်းပေစွတကား ဟု သိကြားမင်း ချီးမွမ်းသွားသည်။ ပြည့်တန်ဆာမလေးသည် အခြားယောကျာ်းတစ်ဦးထံမ ှငွေကိုယူရန် လက်ကမ်းမိခဲ့၏။ ထိုကြောင့် သူသည်လည်း သူစောင့်ထိန်းသည့် သီလအပေါ် ကျေကျေနပ်နပ် မနှစ်သက်နိုင်ပါ။

ကာလိင်္ဂတိုင်းမှ တမန်တို့သည် တစ်ဆယ့်တစ်ဦးသော လူတို့ထံမှ တောင်းယူ၍ရရှိသည့် ကုရုဓမ္မသီလများကို ရွှေပြားပေါ်၌ရေးမှတ်ကာ မိမိတို့၏ရှင်ဘုရင်အား ပြန်လည် ဆက်သကြကုန်၏။ ကာလိင်္ဂမင်းနှင့်တကွ ပြည်သူအပေါင်းတို့သည်လည်း ကုရုဓမ္မငါးပါးသီလကို ဖြည့်ကျင့်ကြကုန်၏။

ထိုအချိန်မှစ၍ ကာလိင်္ဂတိုင်းနိုင်ငံ၌ မိုးလည်းရွာ၊ ကပ်ဘေးသုံးပါးလည်း ကင်းပျောက်၊ ကြီးပွားချမ်းသာခြင်းသို့ ရောက်ခဲ့ကုန်သတည်း။ ယင်းကုရုဓမ္မခေါ် ဂရုဓမ္မဇာတ် ဇာတက ဌ-ဒု-ကုရုဓမ္မဇာတ် (၃၇၇-၃၃၀) တွင်ဖော်ပြပါရှိသည်။ ဤဝတ္ထုပေါ်ပေါက်လာသည့်ကာလမှာ မိုးတွင်းကာလဖြစ်သဖြင့် တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့တွင် ငါးပါးသီလစောင့်ထိန်းကြရမည်။ ဤဂရုဓမ္မဇာတ်တော်ဝတ္ထုကား နေပြည်တော်ဝဲကြီးဆရာတော်ကြီး မြန်မာပြန်သော သီလဝတ္ထုဒီပနီမှဖြစ်ပေ၏။ ဤတစ်ဆယ့်တစ်ဦးသော လူတို့ကား ဂရုဓမ္မသီလတော် စောင့်ထိန်းမြဲကြသော်လည်း သူတို့၏ မကျေနပ်သော သံသယရှိမှုများကို သိရှိနိုင်ပါ၏။ ။

ကြေးမုံ