ဂျုံးဂျုံးကျတူးမြောင်းအတွင်း အမျိုးသား တစ်ဦး ရေနစ်သေဆုံး

ကျောင်းကုန်း ၂၄   ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု ရွှေလှေကြီးကျေးရွာတွင် ယမန်နေ့ည ၇ နာရီခွဲအချိန်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရဲအုပ် အေးချိုသည် ဝက်ချောင်းရဲကင်းစခန်း၌ တာဝန်ထမ်းဆောင်နေစဉ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ရွှေလှေကြီးကျေးရွာနေ နိုင်ထွန်းသည် နေအိမ်နောက်ဘက်ရှိ ဂျုံးဂျုံးကျ တူးမြောင်းအတွင်း တစ်ဦးတည်းရေဆင်းချိုးရာ နာရီဝက်ခန့် ကြာသည်အထိပြန်တက်မလာသဖြင့် ၎င်း၏ဇနီးဖြစ်သူမှ အနီးပတ်ဝန်းကျင်အား အကူအညီတောင်းပြီး လိုက်လံရှာဖွေရာ မတွေ့ရှိဘဲ ယနေ့နံနက် ၉ နာရီခွဲ အချိန်ခန့်မှ အဆိုပါ ဂျုံးဂျုံးကျတူးမြောင်းအတွင်း မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ဝက်ချောင်းတိုက်နယ်ဆေးရုံမှ စစ်ဆေးသွားမည်ဖြစ်ပြီး၊ ကျောင်းကုန်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)