ဂုဏ်ယူလေးစား တန်ဖိုးထားရာတက္ကသိုလ်

ဇွန် ၁၆

 

ပညာရေးနယ်ပယ်၌ “ပညာပြည့်ဝ နှလုံးလှ၊ ပညာလည်းတတ် အကျင့်မြတ်” ဟူ၍ ပညာတတ်၊ ပညာသိ၊ ပညာမြတ်ဖြစ်အောင် ကျင့်ကြံအားထုတ်ကြရပါသည်။ ဘွဲ့ဒီဂရီရရှိခြင်းသည် ပညာအဆင့် သတ်မှတ်ခြင်းမျှသာ ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာပညာကို သင်ကြားတတ်မြောက်ပြီး အရာရာတွင် နှံ့စပ်သိမြင် ပညာဖြင့် ဆင်ခြင်သုံးသပ်နိုင်သော အသိအမြင်များ ထုံမွမ်းမှသာ အတတ်ပညာရှင်၊ အသိပညာရှင် ဖြစ်နိုင်ပေသည်။ ။

 

တက္ကသိုလ်ကျောင်းတော်ကြီးသည် အခြေခံပညာများ သင်ယူတတ်မြောက်ပြီး အဆင့်မြင့်ပညာများ ဆုံးခန်းတိုင်အောင် ပြီးမြောက်သွားသည့် ဘူမိနက်သန် နေရာမှန်ဖြစ်သည်။ တစ်ချိန်က တက္ကသိုလ်ကျောင်းတော်ကြီးသည် ဘာသာရပ်ဆိုင်ရာပညာများ သင်ကြားတတ်မြောက်ရေးအတွက် သာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တတည်းဟူသော ဗလငါးတန်ဖွံ့ဖြိုးရေးကို ရှေးရှုဖော်ဆောင်ပေးရာ နေရာမှန်ဖြစ်သည်။ ကိုယ်ခန္ဓာကြံ့ခိုင်ရေး၊ ဉာဏ်ပညာနှင့်တကွ အသိပညာမြင့်မားရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ ကြီးပွားတိုးတက်ရေး၊ မိတ်ကောင်းဆွေကောင်း မိတ်သင်္ဂဟများရေးတို့ကို ဖြစ်ထွန်းစေခဲ့သည်။

 

မျက်မှောက်ကာလတွင် ဗလငါးတန်ဖွံ့ဖြိုးရေးကို အလေးထားသကဲ့သို့ အားပေးမြှင့်တင်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ စာတတ်ရုံ၊ စာတော်ရုံသာမပြီးသေးဘဲ ဘက်စုံထူးချွန်သော လူတော်လူကောင်းများ ဖြစ်ထွန်းရေးအတွက် အခြေခံပညာမှစ၍ အဆင့်မြင့်ပညာအထိ အလေးထား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်က တက္ကသိုလ် ကျောင်းတော်ကြီးတွင် ပညာရည်နို့သောက်စို့ရာ၌ အချင်းချင်း ပေါင်းသင်းဆက်ဆံရေး၊ ဆွေးနွေးတိုင်ပင်ရေး၊ နေထိုင်မှု၊ သင်ကြားမှု စည်းကမ်းလိုက်နာရေးမှအစ အားကစား၊ အနုပညာ လေ့လာလိုက်စားရေ တို့ပါမကျန် စနစ်တကျ ဖော်ဆောင်ပေးကာ ပညာရပ်ဆိုင်ရာတို့ကို စိတ်ဝင်တစား သင်ကြားခဲ့ကြသည်။

 

တက္ကသိုလ်ပညာကို ထိုသို့သင်ကြားလိုက်စားခဲ့သောကြောင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများမှာ အရေးပါအရာရောက် ခရီးပေါက်ခဲ့ကြပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ထူးချွန်ပြောင်မြောက်သော နိုင်ငံ့သားကောင်းများ အသီးသီးပေါ်ထွက်လာခဲ့သည်။ သို့သော်ပညာတတ်မြောက်ရုံ၊ ထူးချွန်ရုံမျှဖြင့် မပြီးသေးဘဲ အသိအမြင်ဉာဏ်ပညာနှင့် မှန်ကန်စွာ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်မှုအားလည်း လိုအပ်သည်ကိုတွေ့ရသည်။ ပညာအရာတွင် လေးစားလောက်ဖွယ် တတ်မြောက်ခဲ့သော်လည်း “သဒ္ဓါ လွန်လျှင် ကွန့်၊ ပညာလွန်လျှင် ဆွံ့” ဆိုသကဲ့သို့ လမ်းကြောင်းမှား၊ လမ်းလွဲသွားသော ပညာတတ်များလည်း တွေ့ခဲ့ရသည်။

 

တက္ကသိုလ်ပညာသင်ကြားခြင်းသည် မြတ်စွာဘုရားရှင် ဟောကြားခဲ့ သော မင်္ဂလသုတ်တော်နှင့်အညီ “ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော” ဟူသည့် အကြားအမြင် ဗဟုသုတရှိခြင်း၊ စက်မှုလက်မှု အတတ်ပညာ တတ်မြောက်ခြင်းနှင့် ကိုယ်ကျင့်သိက္ခာ ကျင့်ဝတ်စည်းကမ်းများကို သင်ယူလိုက်နာခြင်းတို့ ပါဝင်ပါသည်။ ဗာဟုသစ္စဉ္စ အကြားအမြင်ဗဟုသုတ ရှိခြင်းကို ရှေးခေတ်ရန်ကုန်တက္ကသိုလ်၏ ပဲခူးဆောင်လှုပ်ရှားမှုများမှ သာဓက ထုတ်ယူနိုင်သည်။ ။

 

ပဲခူးဆောင်သည် ထင်ရှားကျော်ကြားသော သမိုင်းဝင်ခေါင်းဆောင် များ ပေါ်ထွက်ရာနေရာဖြစ်သည်။ ပဲခူးဆောင် သဟာယနှင့်စာဖတ်အသင်းတွင် ကျောင်းသားများ ဗဟုသုတရရှိစေရန် ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။ ကျောင်းသားများက ဦးဆောင်ဆွေးနွေးပြီး ဆရာများက ကြပ်မတ်ပေးသည်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အဆို၊ အတင်၊ အချေ၊ အနိုင်၊ အရှုံး ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲများသည် တိုင်းပြည် အနာဂတ်အရေးအတွက် အထောက်အပံ့ကောင်းများဖြစ်စေခဲ့ပြီး ရန်ကုန်တက္ကသိုလ်သမိုင်းတွင် မကြုံတွေ့ဖူးသည့် လေးစားဂုဏ်ယူဖွယ် လှုပ်ရှားမှုများဖြစ်သည်။ ပဲခူးဆောင်၏ထင်ရှားသော ကျောင်းသားခေါင်းဆောင်တစ်ဦးမှာ ကိုအောင်ဆန်းဟူသည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာခဲ့သည်။

 

တက္ကသိုလ်ဟူသည် အဆင့်မြင့်ပညာ ဘာသာရပ်ဆိုင်ရာတို့ သင်ကြားရေးအတွက်သာမက တိုင်းပြည်နှင့်လူမျိုး၊ အများပြည်သူ အကျိုးအတွက် အသိအမြင် ဗဟုသုတများ၊ ဆင်ခြင်ဉာဏ် အမြော်အမြင်များ မွေးဖွားပေးရာ ကျောင်းတော်ကြီးဖြစ်သည်ကို ရှေးအတိတ်တစ်ချိန်က ရန်ကုန်တက္ကသိုလ် ကြီးက သက်သေပြနေဆဲဖြစ်သည်။ ယနေ့အချိန်အခါသမယတွင် ရန်ကုန် တက္ကသိုလ်ကြီးသည် နှစ် ၁၀၀ ပြည့်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏ ကောင်းမြတ်သောဂုဏ်ပုဒ်များနှင့် စွမ်းဆောင်မှုများကို ပြန်လည်အမှတ်ရ၍ မျိုးဆက်သစ်များသို့ မျှဝေပေးကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်ကာလတွင် မျက်မှောက်ကာလ မျိုးဆက်သစ်များ ကျောင်းသားကျောင်းသူများသည် အတိတ်အချိန်ကာလက ဂုဏ်ယူမြတ်နိုးဖွယ်ရာ၊ လေးစား တန်ဖိုးထားဖွယ်ရာ ကောင်းမြတ်သော အစဉ်အလာများကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး အဆင့်မြင့် ပညာသင်ကြားရေးအတွက်သာမက မင်္ဂလာတရားတော်နှင့်ညီသည့် အသိအမြင်ဗဟုသုတများ၊ ကိုယ်ကျင့်သိက္ခာများ တိုးပွားအောင် ဆက်လက်ဆောင်ကြဉ်းသွားကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ