ဂုဏ်ယူဖွယ်ရွေးကောက်ပွဲ အောင်မြင်

၉  နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ စိန်ခေါ်မှုများကြား၊ အနှောင့်အယှက်၊ အတိုက်အခိုက်၊ အခက်အခဲများကြားမှ ရွေးကောက်ပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခင်းအကျင်းစတင်ခဲ့ပြီးနောက် တတိယအကြိမ်မြောက် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ယခုနှစ် ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သော ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများနှင့်နှိုင်းယှဉ်လျှင် ကျင်းပခဲ့သည့် အခြေအနေပုံစံ တစ်မူထူးခြားကွဲပြားသော ရွေးကောက်ပွဲဟု ဆိုနိုင်သည်။ အဓိကအချက်မှာ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသောကာလတွင် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲမကျင်းပမီ အကြိုကာလများအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် လုံခြုံမှုကိုအကြောင်းပြု၍ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရေးကိစ္စ၊ ကြိုတင်မဲပေးရေးကိစ္စ၊ ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများကိစ္စ၊ မဲဆွယ်စည်းရုံးခြင်း ကိစ္စ၊ မဲပေးခြင်းကိစ္စ စသည့်အရေးကိစ္စအမျိုးမျိုးတို့တွင် ဆန့်ကျင် ကန့်ကွက်မှုများရှိခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာတို့က စဉ်းစားချင့်ချိန်တွက်ချက်ပြီး ကူညီဖြေရှင်းဆောင်ရွက် ပေးနိုင်ခြင်းတို့ကြောင့် ရွေးကောက်ပွဲများ အောင်အောင်မြင်မြင် ချောချော မွေ့မွေ့ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် အကောင်းမွန်ဆုံး ပြင်ဆင်ဆောင်ရွက်မှုအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ တရားမျှတလွတ်လပ်ပြီး လုံခြုံစိတ်ချမှုရှိသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်စေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ သက်ကြီးရွယ်အို၊ လူကြီးသူမများ ကြိုတင်မဲပေး နိုင်အောင် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်း၊ မဲဆန္ဒနယ်ပြင်ပရောက်နေ သူများ မဲပေးနိုင်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်း၊ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်နေရသူများ၊ ကန့်သတ်စောင့်ကြည့်ခံရသူများ မဲပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် လုံခြုံဘေးကင်းစွာ မဲပေးနိုင်ရေး မဲရုံများတိုးချဲ့ပြီး မဲဆန္ဒရှင်များ အဆင်ပြေအောင် ခွဲထုတ်ပေးနိုင်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမှာ တစ်မူထူးခြားပြီး ကျေနပ်စရာဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ပြည်သူသည်သာ အဓိက၊ ပြည်သူလူထုဆန္ဒမှာ ပဓာန ဖြစ်သည်ကို ပြသနိုင်ခဲ့သည်။ ယခုရွေးကောက်ပွဲအောင်မြင်ရေးနှင့် မဲဆန္ဒပေးရေးတို့အပေါ် ပြည်သူလူထုတစ်ရပ်လုံး အထူးစိတ်ဆန္ဒပြင်းပြပြီး စိတ်ဝင်စားမှုမြင့်မားစွာဖြင့် မဲဆန္ဒပေးခဲ့ကြသည့် မြင်ကွင်းများကို နိုဝင်ဘာလ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးလွှမ်းခြုံ မြင်တွေ့နိုင်သည်။

ပြည်သူလူထုအားလုံး ယုံကြည်လက်ခံသည့်ရွေးကောက်ပွဲများ ဖြစ်ပေါ်လာမှသာ ဒီမိုကရေစီခရီးလမ်း ဖြောင့်တန်းပြီး ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်ထွန်းလာမည်ဖြစ်သည်။ စစ်မှန်ခိုင်မာသော ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန်အတွက် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများကို တူညီသည့်အခွင့်အရေးများဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပပေးနိုင်ခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ပြီး ပြည်သူများ မျှော်လင့်စောင့်စားခဲ့သော နိုင်ငံနှင့် လူထုကို အကျိုးပြုမည့် ပုဂ္ဂိုလ်များအား မဲပေးရွေးချယ်ရေး ဆန္ဒများပြည့်ဝခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတမှုရှိပြီး လုံခြုံစိတ်ချမှုရှိစွာဖြင့် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ရာ နိုင်ငံတစ်ဝန်းမှ မဲပေးခွင့်ရှိသော ပြည်သူအားလုံးနီးပါး နိုင်ငံသားတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြပြီဖြစ်သည်။ ယခုလို ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ နိုင်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ ပြည်သားများ၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခဲ့ပါကြောင်း။ ။

ကြေးမုံ