ဂုဏ်ယူဝမ်းမြောက်စွာပေးလှူ

 

 

မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသည့် နောက်ဆုံးစစ်ပွဲဖြစ်သော အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကို သမိုင်းဆရာအချို့က “စစ်ပွဲဟုအမည်မတပ်သင့်သောစစ်ပွဲ” ဟု ဆိုကြသည်။ သီတင်းနှစ်ပတ်ပင် မပြည့်သောထိုစစ်ပွဲတွင် ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသော ဗြိတိသျှတို့၏သင်္ဘောများမှာ ခုခံတိုက်ခိုက်မှုအနည်းငယ်မျှကိုသာ တွေ့ကြုံခဲ့ကြရပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မန္တလေးဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြသည်။ သီပေါဘုရင်နှင့် မိသားစုကို နိုဝင်ဘာ ၂၉ ရက်တွင် သင်္ဘောဖြင့်ရန်ကုန်သို့ ခေါ်ဆောင်သွားပြီးနောက် ကျန်ရစ်ခဲ့သည့်   နန်းတော်တွင်း အခြေအနေနှင့် မြင်ကွင်းများမှာ ရုတ်ရုတ်သဲသဲနှင့် ပရမ်းပတာနိုင်လှပြီး ကမ္ဘာအရပ်ရပ်တွင် ကျူးကျော်မှု အတွေ့အကြုံများစွာ ရှိခဲ့ပြီးဖြစ်သည့် ဗြိတိသျှတပ်များကပင် အခြေအနေကို ရှုပ်ထွေးအောင်ဖန်တီးထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

 

ယင်းသို့သော ရုတ်ရုတ်သဲသဲအခြေအနေတွင် မြန်မာ့နန်းတွင်းမှ အဖိုးတန်မှတ်တမ်းမှတ်ရာ ပေပုရပိုက်များ အမြောက်အမြား မီးရှို့ဖျက်ဆီးခံရခြင်းနှင့်အတူ တန်ဖိုးကြီးရတနာပစ္စည်းများ၊ တော်ဝင်အခမ်းအနား အဆောင်အယောင်ပစ္စည်းများ၊ အသုံးအဆောင်များနှင့် ပရိဘောဂများ စသည့်ပစ္စည်းပစ္စယ မြောက်မြားစွာတို့  ပျက်စီးပျောက်ဆုံးခဲ့သည်။  ရွှေတိဂုံဘုရားဌာပနာတိုက်ကိုပင် တူးဖောက်ရန် ကြိုးပမ်းခဲ့ဖူးသည့် ဗြိတိသျှစစ်တပ်အနေဖြင့်  ဘုရင့်နန်းတော်ကြီးတစ်ခုလုံး ၎င်းတို့လက်အောက်သို့ အကြွင်းမဲ့ရောက်ရှိသွားခဲ့ချိန်တွင် နန်းတွင်းပစ္စည်းများကို မည်သူ မျှ အလှကြည့်နေကြမည်မဟုတ်။ သို့ရာတွင် မြန်မာဘုရင့်နန်းတွင်းသို့ မန္တလေးအနီးတစ်ဝိုက်မှ လယ်သူမများ၊ တံငါသည်များ၊ ပျံကျအမျိုးသမီးများ  အုပ်စုလိုက်ဝင်ရောက် လုယက်ယူငင်မှုများ ပြုလုပ်ခဲ့ကြသည်ဟူ၍ သတင်းလွှင့်ကာ တရားခံရှာခဲ့ကြသည်။ သို့ရာတွင် ထိုခေတ်က ထုတ်ဝေခဲ့သည့် အင်္ဂလိပ်စာနယ်ဇင်းများကပင် ယုံကြည်ခြင်းမရှိဘဲ ဝေဖန်ကန့်ကွက်မှုများစွာရှိခဲ့ပြီး မန္တလေးနန်းတွင်းမှ လုယက်ခဲ့ကြသည့်  တော်ဝင်ပစ္စည်းများ လေလံတင်ရောင်းချသည့် သတင်းများ၊ ရတနာကုမ္ပဏီများက အချို့နန်းစဉ်ပစ္စည်းများမှ ကျောက်မျက်များကိုဖြုတ်ယူပြီး လှပသော ကျောက်မျက်များအဖြစ် ပြန်သွေးပစ်ခဲ့သည့် အကြောင်းအရာများ စသည်ဖြင့် ရေးသားဖော်ပြခဲ့ကြသည်။

 

မြန်မာ့နောက်ဆုံးမင်းဆက်၏နန်းတော်သည် နယ်ချဲ့ကျူးကျော် သိမ်းပိုက်မှုတွင် အခွံနှင့်ဟောင်းလောင်းသာ ကျန်ရစ်ခဲ့ရသလို ဒုတိယကမ္ဘာစစ်တွင်မူ နန်းတော်အဆောက်အအုံကြီးပါ ပြာကျသွားခဲ့ရသည်။ ခေတ်အဆက်ဆက် ရာစုနှစ်ပေါင်းများစွာ ကိုယ့်ထီးကိုယ့်နန်းနှင့် နေလာခဲ့သော မြန်မာတို့အဖို့ အထင်အရှားပြစရာ တစ်ခုတည်းသော လက်ကျန်နန်းတော်ကြီးကို ဆုံးရှုံးခဲ့ရပြီးနောက် ၁၉၈၉ ခုနှစ်တွင် ပြန်လည်တည်ဆောက်နိုင်ခဲ့သော်လည်း အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် မင်းခမ်းမင်းနားအဆောင် အယောင်တို့ မပါဝင်နိုင်ခဲ့။ နန်းတော်အဆောက်အအုံများ ထိန်းသိမ်းမှု၊ ခင်းကျင်းပြသမှု စသည်တို့တွင်လည်း နိုင်ငံတကာ အဆင့်မီနိုင်ရန် ဆောင်ရွက်ဖွယ်များစွာတို့လည်း ရှိနေသည်။

 

ယခုအခါ မြနန်းစံကျော်ရွှေနန်းတော်တွင် ရှေးဘုရင်အသုံးအဆောင်များ ခင်းကျင်းပြသနိုင်ရေးအတွက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) က စီစဉ်ဆောင်ရွက်နေပြီး ဘုန်းတော်ကြီး ကျောင်းများ၊ ပုဂ္ဂလိကများက အထောက်အထားများနှင့်တကွ  လာရောက်လှူဒါန်းကြပါရန် အသိပေးကြေညာထားသည်။ ရွေးချယ် စိစစ်ပြီး မှန်ကန်ပါက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ချီးမြှင့်ငွေများ ပေးအပ်သွားမည်ဟုလည်းသိရသည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေးအစီအစဉ်အရ ပြန်လည်တည်ဆောက်ခဲ့သည့် နန်းတော်အဆောက်အအုံများတွင် ပြန်လည် ရရှိနိုင်သမျှသော နန်းတွင်းအသုံးအဆောင်များနှင့်အတူ ရှေးဘုရင်များခေတ် အခင်းအကျင်းများအတိုင်းအများ ပြည်သူကို ခင်းကျင်းပြသနိုင်ရေးအတွက်  မိမိတို့အကြောင်းအမျိုးမျိုးဖြင့် လက်ဝယ်ရရှိထားသော ရှေးဘုရင့် အသုံးအဆောင်၊ နန်းတွင်းပစ္စည်းများကို သဒ္ဓါကြည်ဖြူ၊ ဂုဏ်ယူဝမ်းမြောက်စွာ လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။

 

မြန်မာ့အလင်း