ဂူဂဲလ်က Hangouts စာတိုပို့ဝန်ဆောင်မှုကို အပြီးပိတ်သိမ်း

 

ရန်ကုန်   နိုဝင်ဘာ  ၇

 

ဂူဂဲလ်၏ Gmail အတွင်းအသုံးပြုနိုင်သလို သီးခြားအက်ပလီကေးရှင်းအဖြစ်လည်း အသုံးပြုနိုင်သည့်  စာသား၊ ဗီဒီယိုနှင့် အသံ အပြန်အလှန်ပြောဆိုနိုင်သည့် ဝန်ဆောင်မှုဖြစ်သော Google Hangouts ကို  နိုဝင်ဘာ  ၁  ရက်မှစ၍ အပြီး ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဂူဂဲလ်က သတင်းထုတ်ပြန်လိုက်သည်။

 

Google Hangouts  သည် ဂူဂဲလ်၏ ဝန်ဆောင်မှုများအနက် စာသား၊ ဗီဒီယို နှင့် အသံ Chatting  အတွက် အဓိက ဝန်ဆောင်မှုတစ်ခုဖြစ်ခဲ့ပြီး  ဂူဂဲလ်က ၂၀၁၃ ခုနှစ်မှစ၍ ဝန်ဆောင်မှုပေးထားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၂၁ ခုနှစ် တွင် Google Chat ကို ဝန်ဆောင်မှုအသစ်အဖြစ် ထုတ်ပေးခဲ့ပြီးနောက် ထိုအချိန်မှ စ၍ Hangouts တွင် ဝန်ဆောင်မှုများကို လျှော့ချခဲ့ကာ Gmail နှင့်တွဲ၍ အသုံးပြုသူများအတွက် Hangouts မှ Chat သို့ အလိုအလျောက် ပြောင်းလဲပေးခဲ့သည်။ ယခုနှစ် ဇူလိုင်လထဲတွင်လည်း အန်းဒရွိုက်နှင့် ios များတွင်  သီးခြား အက်ပလီကေးရှင်းဖြင့်  အသုံးပြုသည့် Hangouts ဝန်ဆောင်မှုများအားလုံးကို ထပ်မံပိတ်သိမ်းခဲ့သည်။ ယခု နိုဝင်ဘာ ၁ ရက်တွင်မူ လက်ကျန်ဝန်ဆောင်မှုဖြစ်သော ဝက်ဘ်အက်ပလီကေးရှင်း အနေဖြင့်ပါ  အသုံးပြုနိုင်တော့မည်မဟုတ်ဘဲ ဝန်ဆောင်မှုအားလုံးကို အပြီး ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

 

ဂူဂဲလ်အနေဖြင့်  Hangouts  ကို ပိတ်သိမ်းလိုက်ခြင်းကြောင့် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအများစုမှ အသုံးပြုသူများအတွက်မူ ထူးခြားသောပြောင်းလဲမှု ကြုံတွေ့နိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံမှ Gmail အသုံးပြုသူများအနေဖြင့် မေးလ်အတွင်းမှတစ်ဆင့် စာတိုပို့စကားပြောရာတွင် ယခင်က  Hangouts ကို အသုံးပြုခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှစ၍ Chat သို့  အလိုအလျောက် ပြောင်းလဲအသုံးပြုနေကြပြီး ဖြစ်သောကြောင့်  ဒေတာများ ဆုံးရှုံးခြင်းနှင့်လည်း ကြုံတွေ့ရမည်မဟုတ်ပေ။ အမေရိကန်နှင့် ဥရောပနိုင်ငံများမှ သီးခြားအက်ပလီ ကေးရှင်းဖြင့် Hangouts ကို အသုံးပြုသူ များအတွက်သာ အဆင်မပြေမှုအချို့ ရှိနိုင်မည်ဖြစ်သည်။

 

နိုဝင်ဘာ ၁  ရက်အထိ  Hangouts ကို အသုံးပြုနေခဲ့သူများအတွက်မူဒေတာများ ပြောင်းရွှေ့သိမ်းဆည်းနိုင်ရန် ဂူဂဲလ်ကုမ္ပဏီအနေဖြင့် ၂၀၂၃ ဇန်နဝါရီ လကုန်အထိ အချိန်ပေးထားသည်။ Hangouts မှ Contacts များကို Chat သို့ အလိုအလျောက် လွှဲပြောင်းပေးမည် ဖြစ်သော်လည်းပေးပို့ပြောဆိုထားသော မက်ဆေ့များကိုမူ Chat နှင့်  Gmail အတွင်းသို့ အလိုအလျောက် ပြောင်းရွှေ့ပေးမည်မဟုတ်ကြောင်း၊ Hangoutsတွင် ပြောဆိုမှုများကို  သိမ်းဆည်းလိုလျှင် သုံးစွဲသူများသည် ၎င်းတို့၏  ဒေတာမိတ္တူကို ဒေါင်းလုပ်လုပ်ပြီး သိမ်းဆည်းရန် Google Takeout ကို အသုံးပြုသင့်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။ 

 

Google သည်  စာတိုပို့ဝန်ဆောင်မှု အတွက် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ GTalk ကို သီးခြားအက်ပလီကေးရှင်း အဖြစ်ရော၊  Gmail  နှင့်  ပူးတွဲ၍ပါ  ပထမဆုံး ဝန်ဆောင်မှုပေးခဲ့ပြီး  အောင်မြင်မှု အများအပြား ရရှိခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင် GTalk ကို ရပ်ဆိုင်းခဲ့ကာ ပိုမိုကောင်းမွန်သော Hangouts ကို မိတ်ဆက်ပြီး Hangouts သည် သီးခြားအက်ပ်အဖြစ် မဖြစ်လာမီ Google+ ၏ ပူးတွဲဝန်ဆောင်မှုတစ်ခု အနေဖြင့် စတင်ခဲ့သည်။ Hangouts သည် Google Play Store တွင် ဒေါင်းလုပ်အကြိမ်ရေ ငါးဘီလီယံအထိ ရရှိခဲ့သည်။

 

ထို့နောက် ၂၀၂၁ ခုနှစ်တွင်မူ Hangouts ကို ရပ်တံ့ရန် စတင်ပြင်ဆင်ခဲ့ကာ ထိုအချိန်မှစ၍ Gmail အတွင်း ပြောဆိုမှုအသစ်များကို Chat ဘက်သို့ ပြောင်းလဲခဲ့သည်။ Chat ဝန်ဆောင်မှု သည် အဖွဲ့လိုက် ပြောဆိုမှုများအတွက် အပိုဝန်ဆောင်မှုများ ပါဝင်သလို ဂူဂဲလ်၏ ဝန်ဆောင်မှုများဖြစ်သည့် Spaces, Docs, Slides နှင့် Sheets စသည်တို့ကို Chat အတွင်းမှာပင် အခြားအသုံးပြုသူများနှင့် မျှဝေတည်းဖြတ်ခြင်း ပြုလုပ်နိုင်ရန် အဆင့်မြှင့်တင်ထားမှုများ ပါဝင်သည်။

 

ကိုစိုး

ကိုးကား - Techcrunch