Gym  ကနေ ကူးစက်နိုင်တဲ့  ရောဂါတွေက ဘာတွေများလဲ

၄  စက်တင်ဘာ

ခန္ဓာကိုယ် ကျန်းမာပြီး ကျစ်လျစ်သွယ်လျအောင်ဆိုပြီး Gym ဆော့တော့မယ်လို့ စိတ်ဆုံးဖြတ်ပြီးပြီပေါ့။ Gym ဆော့တာက ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အကူပြုနိုင်တယ် ဆိုပေမယ့် လူပေါင်းစုံ လေ့ကျင့်ခန်းလုပ်နေတဲ့ Gym ခန်းမကြီးက ရောဂါပိုးကင်းဖို့ သိပ်တော့မလွယ်လှဘူးနော်။

 

ဒီလိုကနေ ကိုယ်တိုင်မှာရောဂါပိုးတွေ ကူးစက်လာတာမျိုး ဖြစ်နိုင်ပါတယ်နော်။ ဒီတော့ Gym ဆော့တော့မယ်ဆိုရင် သတိထားနိုင်စေဖို့ Gym ကနေ ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း နည်းနည်းလောက်ပြောပြ ပေးပါရစေနော်။

 

ဘယ်လိုရောဂါတွေများ ကူးစက်နိုင်တာလဲ

Gym ဆော့ပြီဆိုရင် ချွေးထွက်မယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဒီတော့ချွေးကနေတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရမယ်ဆိုတာ ထွေထွေထူးထူး တောင်ပြောနေဖို့ မလိုအောင်ပါပဲနော်။ နေရာတိုင်းမှာချွေးတွ ပေနေနိုင်သလို မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ ရှိနိုင်နေနိုင်ပါတယ်။ ဒီပိုးတွေက အရေပြားကနေတစ်ဆင့်၊ ချွေးကနေတစ်ဆင့် ကူးစက်ပြီးရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။

 

အရေပြားရောဂါ ဖြစ်စေနိုင်တယ်

Gym ကမှောင်မိုက် စိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ ရေချိုးခန်း၊ အဝတ်လဲခန်းတွေမှာ အရေပြားပြဿနာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေရှိနေနိုင်ပါတယ်။ ဒီရောဂါပိုးတွေက အဝတ်နဲ့ချွေးသုတ်တဲ့ တဘက်တို့မှာ ကပ်ညိပြီး အရေပြားပြဿနာ ခံစားရနိုင်ပါတယ်။

 

ပွေး

ကူးစက်တတ်တဲ့ အရေပြား ပြဿနာတစ်ခုပေါ့။ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်သလို အသုံးအဆောင်တွေကနေ တစ်ဆင့်လည်း ကူးစက်ခံရနိုင်ပါတယ်။ လူတိုင်းမှာ အရေပြားပြဿနာရှိလား ဆိုတာကို မစစ်ဆေးနိုင်တာကြောင့် သတိထားဖို့တော့ လိုမှာပါ။

 

သဲဝဲ

ခြေထောက်မှာ အများဆုံးဖြစ်တတ်ကြတာပါ။ မှောင်မိုက်စိုထိုင်းနေတဲ့ နေရာတွေမှာ ရှင်သန် ပေါက်ဖွားတဲ့ မှိုပိုးတွေကြောင့် အဖြစ်များပါတယ်။ ဒီပြဿနာကို အဖြစ်နိုင်စေဆုံး အရင်းအမြစ်က ချွေးစိုပြီး စိုထိုင်းနေတဲ့ အားကစားလုပ်တဲ့အခါ စီးတဲ့ ဖိနပ်တွေပါ။

 

ခြေသည်းမှိုပိုးဝင်ခြင်း

ခြေသည်းတွေမှာဖြစ်တဲ့ မှိုပိုးတစ်မျိုးပါ။ လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်ခံရနိုင်ပါတယ်။ အသုံးအဆောင်တွေ အတူသုံးစွဲတာကြောင့်လည်း ခြေသည်းမှိုပိုးကူးစက်ခံရနိုင်ပါတယ်။

 

ပေါင်ခြံမှိုစွဲခြင်း

ပေါင်ခြံနေရာမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတစ်ခုပါ။ ချွေးကြောင့်ဖြစ်နိုင်သလို အသားချင်း ထိတာကနေ တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ စိုစွတ်တဲ့အနေအထား တစ်ရပ်ကြောင့် ပေါက်ဖွားလာတဲ့ မှိုတွေကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတစ်ခုပါ။ ချွေးစိုပြီး ညစ်ပေနေတဲ့ အားကစားပစ္စည်းတွေ၊ အခင်း၊ တဘက်နဲ့ အခြားသော အသုံးအဆောင်တွေမှာ ရှိနေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ပြီး အဖတ်လေးတွေ လန်နေတာမျိုးပါ။

 

ညှင်း

အသားချင်းထိတွေ့တာ၊ ချွေးကနေတစ်ဆင့်ကူးတာ၊ အသုံးအဆောင်တွေ အတူတူသုံးမိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။ အရေပြားကို ယားယံစေသလို မသက်မသာဖြစ်စေနိုင်တဲ့ အခြေအနေပါ။

 

ကြွက်နို့

အသုံးအဆောင်တွေ အတူတူသုံးမိတာ၊ အသားချင်းထိမိတာတွေကနေတစ်ဆင့် ကြွက်နို့ ကူးစက် ခံရနိုင်ပါတယ်။

 

အအေးမိ၊ တုပ်ကွေး

ရောဂါပိုးရှိသူ နှာချေချောင်းဆိုးတာကနေတစ်ဆင့် ကူးစက်ခံရနိုင်ပါတယ်။ အားကစားခန်းမတွင်းမှာ ရောဂါပိုးပြန့်နှံ့နေမယ်ဆိုရင် အလွယ်တကူ အအေးမိ၊ တုပ်ကွေးဖြစ်နိုင်ပါတယ်။

 

အနာစက်

အနာစက်ဆိုတာက ကူးစက်လွယ်တဲ့ အရေပြား ကူးစက်ရောဂါပါ။ အရေပြားမှာ နာကျင်တဲ့အနာတွေကို ဖြစ်စေနိုင်ပါတယ်။ အနာရှိနေသူနဲ့ အရေပြားချင်း ထိတွေ့မိတာ၊ ချွေးနဲ့ထိတွေ့မိတာ၊ အသုံးအဆောင်တွေ အတူတူသုံးမိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။

 

ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အသည်းရောင် အသားဝါရောဂါပိုးတွေလိုမျိုး ချွေးကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း ကူးစက်ခံရနိုင်သလို တီဘီလိုမျိုး လေထဲကနေ တစ်ဆင့် ကူးစက်တဲ့ရောဂါမျိုးတွေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။

 

ဒီတော့ Gym မှာ အားကစားလုပ်သူတွေအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း စနစ်တကျ လိုက်နာပေးကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်