H1N1 ကြောင့် သေဆုံးရသူအများစုမှာ နာတာရှည်ရောဂါခံစားနေရသူများဖြစ်

မကွေး ၁၈  ဇူလိုင် 

 

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသူများထဲတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် နှလုံး၊ သွေးတိုး၊ ဆီချို စသည့် နာတာရှည်ရောဂါခံစားနေရသူများ ပါဝင်နေပြီး သေဆုံးသူအများစုမှာ နာတာရှည်ရောဂါ ခံစားနေရသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။

 

၂၀၁၉ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများအရ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသူ ၂၈၁ဦး၊ ဆေးကုသမှုခံယူကောင်းမွန်၍ ဆေးရုံဆင်းသွားသူ(၁၁၇)ဦး ၊ သေဆုံးသူ(၅၆)ဦးထိ ရှိနေကြောင်း သိရပြီး သေဆုံးသူများထဲတွင် နာတာရှည်ရောဂါခံစားနေရသူ ၄၄ဦးပါဝင်နေသည်။

 

“ရာသီတုပ်ကွေးကြောင့် သေဆုံးရသူတွေထဲမှာ နာတာရှည်ရောဂါရှိသူတွေ သေဆုံးမှုများတာကို တွေ့ရပါတယ်။ သေဆုံးမှုအားလုံးရဲ့ ၇၈.၆ ရာခိုင်နှုန်းရှိပါတယ် ” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ ဒေါက်တာခင်မောင်သန်း က အတည်ပြုပြောကြားသည်။

 

နေပြည်တော် နှင့် တိုင်းနှင့်ပြည်နယ်(၁၄)ခုတွင် ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှလွဲ၍ ကျန်သည့် တိုင်းနှင့်ပြည်နယ်များတွင် ရောဂါဖြစ်ပွားမှုများရှိခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးဖြစ်ပြီး  ရခိုင်၊ ဧရာဝတီ၊ ကချင်နှင့် နေပြည်တော်တို့မှာ မကွေးတိုင်းဒေသကြီးထက်ပို၍ ရောဂါဖြစ်ပွားမှုများနေသည်ကို တွေ့ရကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

 

မကွေးတိုင်းတွင် ၂၀၁၉ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့အထိ သံသယရှိ၍ ဓါတ်ခွဲစစ်ဆေးစပ်သပ်သူ(၁၉)ဦးရှိကာ အောင်လံမြို့နယ်မှ(၆)ဦး ၊ သရက်မြို့နယ်မှ(၂)ဦး ၊ နတ်မောက်မြို့နယ်မှ(၁)ဦး စုစုပေါင်း(၉)ဦးတို့၌ H1N1 ဖြစ်ပွားသည်ကို တွေ့ရှိခဲ့ရပြီး  အောင်လံမြို့နယ်မှ ၉နှစ်အရွယ်ကလေးတစ်ဦးမှာ ဆေးကုသမှုမခံယူရမီသေဆုံးသွားကြောင်း ၊ ရောဂါဖြစ်သူများ၏ အသက်အပိုင်းအခြားမှာ အသက် ၂နှစ်မှ ၉နှစ်ထိ ဖြစ်ပွားသူ ၆ဦး ၊ အသက် ၂၅နှစ် မှ ၅၀နှစ်အထိ ဖြစ်ပွားသူ ၃ဦး ဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

 

ဇေယျတု(မကွေး)