ဟာဗားနားမြို့ရှိ ဟိုတယ်ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ ၃၀ ရှိလာ

မေ ၉

 

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ ဆာရာတိုဂါဟိုတယ်တွင် ပြီးခဲ့သည့်သောကြာနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူဦးရေသည် မေ ၈ ရက်တွင် ဦးရေ ၃၀ ရှိလာပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ၈၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အရွယ်ရောက်သူ ၁၉ ဦးနှင့် ကလေး ငါးဦး ဆေးရုံတက် ကုသမှု ခံယူနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

 

ပြီးခဲ့သည့်သောကြာနေ့မွန်းလွဲပိုင်းက ဓါတ်ငွေ့ရည် လီတာ ၁၀၀၀၀ ခန့်တင်ဆောင်လာသည့် ယာဉ်တစ်စီး ပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် ဆိုးရွားစွာပျက်စီးခဲ့သောဟိုတယ်တွင် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများနှင့် ရုပ်အလောင်းများကို ရှာဖွေမှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်။

 

ထိုဟိုတယ်သည် အမျိုးသားလွှတ်တော်အဆောက်အအုံ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်ပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖြစ်ထွန်းလာရေး တစ်စိတ်တစ်ဒေသအနေဖြင့် မေ ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို