ဟားခါးမြို့ပေါ်ရှိ မြေပြိုမှုဖြစ်ပွားနိုင်သည့် နေရာများတွင် နေထိုင်ကြသော ပြည်သူများအား ယာယီခိုလုံရန် သတ်မှတ်ယာယီစခန်းများသို့ ပြောင်းရွှေ့နိုင်ရေး ကူညီဆောင်ရွက်

ဟားခါး မေ ၁၂

 

ဟားခါးမြို့ပေါ်ရှိ မြေပြိုမှုဖြစ်ပွားနိုင်သည့် နေရာများတွင် နေထိုင်ကြသော ပြည်သူများအား ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မေ ၁၁ ရက်မှစ၍ ယာယီခိုလှုံရန်သတ်မှတ် ယာယီစခန်းများသို့ ပြောင်းရွှေ့နိုင်ရေး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပါက ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြေပြိုမှုဖြစ်ပွားနိုင်ခြေရှိသည့် နေရာများတွင် နေထိုင်ကြသော ပြည်သူများအား ယာယီခိုလှုံရန်သတ်မှတ်ထားသည့် နေရာများသို့ ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့ဟောင်းရပ်ကွက်မှ အိမ်ထောင်စု (၁၈) စု၊ စျေးဟောင်းရပ်ကွက်မှ အိမ်ထောင်စု (၃၄) စု၊ ပြည်တော်သာရပ်ကွက်မှ အိမ်ထောင်စု (၉) စု၊ စုစုပေါင်းအိမ်ထောင်စု (၆၁) စုမှ ပြည်သူ (၃၁၄) ဦးတို့အား ယာယီခိုလှုံရန်သတ်မှတ်ထားသည့်နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ကြသည်။

 

ထို့နောက် ယာယီခိုလုံရာစခန်းများတွင် ပြောင်းရွှေ့ကြသော မိသားစုဝင်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ စသည့် အခြေခံစားသောက် ကုန်ပစ္စည်း (၅) မျိုးကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်တို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)