ဟားမားစ်အဖွဲ့အား တိုက်ခိုက်မှု လပေါင်းများစွာကြာမြင့်ဦးမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

 

 

ဂျေရုဆလင်၊ ဒီဇင်ဘာ ၃၁

 

အစ္စရေးနိုင်ငံ၏ ဟားမားစ်များအပေါ် တိုက်ခိုက်မှုမှာ လပေါင်းများစွာကြာအောင် ဆက်လက်ဖြစ်ပွားနေဦးမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။

 

အောင်မြင်မှုရရှိရန် အချိန်ယူရဦးမည်ဟု ၎င်းကသတင်းထောက်များကိုပြောသည်။ ဟားမားစ်များကို  အမြစ်ပြတ် သုတ်သင်ရေးနှင့် ဓားစာခံများအားလုံး လွတ်မြောက်ရေး သတ်မှတ်ထားသည့် အောင်မြင်မှုမရမချင်း ဆက်လက်တိုက်ခိုက်သွားမည်ဟု ၎င်းက ပြောသည်။

 

အစ္စရေးဘက်မှ လိုအပ်သည့်အောင်မြင်မှုပန်းတိုင်သို့ မရောက်မချင်း တိုက်ပွဲရပ်တန့်ရန် နိုင်ငံတကာ၏ဖိအားကို ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ငြင်းဆိုသွားမည်ဟု ၎င်းကပြောသည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့က မြေပြင်၊ ဝေဟင်မှ ထိုးစစ်ဆင်မှုများကြောင့် အရပ်သားသေကျေပျက်စီးမှု များပြားလျက်ရှိသည်။

 

ပြီးခဲ့သည့် ၂၄နာရီအတွင်း လူပေါင်း ၁၆၅ ဦး သေဆုံးခဲ့သည်ဟု ဒီဇင်ဘာ ၃၀ ရက်တွင် ဂါဇာကျန်းမာရေး အာဏာပိုင်များကပြောသည်။ ထိုစဉ် ယီမင်အစိုးရဆန့်ကျင်ရေး အုပ်စုဖြစ်သည့် ဟူသီသူပုန်တို့သည် ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့်သင်္ဘောများကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

 

ဟူသီသူပုန်တို့သည် ဟားမားစ်တို့နှင့် ခိုင်မာသည့်ဆက်ဆံရေးရှိကြောင်း ပြသခဲ့သည်။ စင်ကာပူအလံ လွှင့်ထူထားသည့် ကုန်တင်သင်္ဘောကို ဟူသီတို့က ဒီဇင်ဘာ ၃၀ ရက်တွင် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ရာ ကြားဖြတ်ပစ်ချခဲ့ရကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးမှ ပြောသည်။

 

နိုဝင်ဘာ ၁၉ ရက်မှစတင်ကာ ဟူသီသူပုန်များသည် အပြည်ပြည် ဆိုင်ရာသင်္ဘောများကို တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည်။

 

အင်န်အိတ်ချ်ကေ