ဟာရီကိန်းမုန်တိုင်းဒိုရီယန် ဘဟားမား၌ တိုက်ခတ်ရာ လူငါးဦးသေဆုံး

အာဘာကို ၄ စက်တင်ဘာ 

ပြင်းအားအဆင့် ၄ ရှိသည့် ဟာရီကိန်း မုန်တိုင်း ဒိုရီယန်သည် ဘဟားမားနိုင်ငံ အဘာကို ကျွန်းစုကို တိုက်ခတ်ခဲ့ ရာ ယခုအချိန်အထိ ငါးဦးသေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။ သေဆုံးသူ အရေအတွက်ကို ဘဟားမားဝန်ကြီး ချုပ် ယူးဘတ်မင်နစ်က အတည်ပြုခဲ့သည်။

ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဂရိတ်ဘဟားမားကျွန်းတွင် အိမ်တွေနှင့် အဆောက်အအုံ အများ အပြားပျက်စီးခဲ့ပြီး လူတွေလည်း အန္တရာယ်ရှိကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ဟာရီကိန်းမုန်တိုင်းကြောင့် အိမ်ပေါင်း ၁၃၀ဝဝ ခန့် ပျက်စီးနိုင်ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က တွက်ချက် ထားသည်။ လတ်တလောတွင် ဟာရီကိန်း မုန်တိုင်းသည် ပြင်းအားမလျော့ဘဲ အမေရိကန်တောင်ပိုင်းသို့ ဦးတည် တိုက်ခတ်နေကြောင်း သိရသည်။

ဘဟားမား ဝန်ကြီးချုပ် ယူးဘတ်မင်နစ်က ဟာရီကိန်းမုန်တိုင်းကြောင့် အိမ်များ ရေနစ်မြှုပ်ကုန်ကြောင်းနှင့် ဆိုးရွားသောပျက်စီးမှုများ ဖြစ်ကုန်ကြောင်း ပြောကြားခဲ့သည်။

ဟာရီကိန်းမုန်တိုင်း ဒိုရီယန်သည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၅၅ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့ကြောင်း သိရပြီး လေးနှစ်အတွင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာသည့် အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်းဖြစ်ပြီး ဘဟားမား နိုင်ငံကို ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းများထဲတွင် အဆိုးရွားဆုံး ဖြစ်ကြောင်း သိရသည်။

မုန်တိုင်းပြင်းအား သတ်မှတ်ရာတွင် စုစုပေါင်း အဆင့် ၅ ထိ သတ်မှတ်ချက်ထားရှိကာ ယခုဟာရီကိန်းမုန်တိုင်း ဒိုရီယန်သည် ပြင်းအားအဆင့် ၄ မုန်တိုင်း အဖြစ် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်းကို စက်တင်ဘာ ၃ ရက် နှောင်းပိုင်းတွင် ဝင်ရောက်လာနိုင်ပြီး စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနား ကမ်းရိုတန်းများကို ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။

မိုင်ယာမီမှ ဖလော်ရီဒါ-ဂျော်ဂျီယာ နယ်စပ်အထိ ဟာရီကိန်း သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ ထို့အတူ ဖလော်ရီဒါပြည်နယ်မှ တောင်ကာရိုလိုင်းနားပြည်နယ်အထိ လူပေါင်း တစ်သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း သိရသည်။ ဗာဂျီးနီးယားနှင့် မြောက်ကာရို လိုင်းနား ပြည်နယ်များကို အရေးပေါ် အခြေအနေအဖြစ် ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အေအက်ဖ်ပီ 
အင်န်အိတ်ချ်ကေ