ဟာသပညာရှင်တို့ နေဝင်ဆည်းဆာ လှစေဖို့

မြင့်စိုး(နတလ)

ရွှေရောင်ဖိတ်စာလေးတစ်စောင်

ကျွန်တော် ဇွန် ၂၃ ရက် ရခိုင်ခရီးစဉ်က ပြန်လာတော့ ရုံးစားပွဲပေါ်မှာ ဝင်စာအချို့နှင့်အတူ ရွှေရောင်ဖိတ်စာလေးတစ်စောင်က ကြိုလင့်နေပါသည်။ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပမည့် (၁၃) ကြိမ်မြောက် အသက် ၆၅ နှစ်အထက် သက်ကြီးလူရွှင်တော်ကြီးများအား ကန်တော့ပွဲအခမ်းအနား ဖိတ်ကြားလွှာဖြစ်ပါသည်။ ဖိတ်စာမှာ ဖော်ပြထားသည်က စေတနာရှင် လူကြီးမင်းများခင်ဗျာ၊ အိုမင်းမစွမ်း အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်အား မရှိတော့သည့် တစ်ချိန်က ပြည်သူများအား ရယ်မောရွှင်ပြအောင် စွမ်းဆောင်ခဲ့ပါသော သက်ကြီးလူရွှင်တော်ကြီးများအား ကန်တော့နိုင်ရန်အတွက် နည်းများမဆို ကုသိုလ်ပါဝင်၍ ကြွရောက်ချီးမြှင့်ပေးနိုင်ပါရန် ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါသည်...တဲ့။ နေ့ရက်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက် (သောကြာနေ့)၊ အချိန်က နံနက် ၉ နာရီမှ ၁၂ နာရီ၊ နေရာကတော့ MICC-2 ဖြစ်သည်။ ဖိတ်စာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ပို့ပေးသည်ဟု သိရ၏။ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် တင်ပြ၍ ဖိတ်လိုက်ခြင်းဖြစ်ပါလိမ့်မည်။ ပြီးခဲ့သည့် နှစ်ကုန်ခါနီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တုန်းကလည်း ရင်ခွင်မဲ့ကလေးများကို ကူညီထောက်ပံ့ရေးအတွက် MICC-2 တွင် ကျင်းပပြုလုပ်သော “ကြယ်ကလေးများရဲ့ အနာဂတ်” ဂီတဖျော်ဖြေပွဲသို့ တက်ရောက် လှူဒါန်းခွင့်ရခဲ့ပြီး မြန်မာပြည် ကိုသိန်းတန်နှင့်အဖွဲ့၏ ဂီတဖျော်ဖြေမှုကို ကြည့်ရှုခံစား နားဆင်ခွင့်ရခဲ့သည်ကို အမှတ်ရမိ၏။ ထိုပွဲကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်စီစဉ်ပေးခြင်း ဖြစ်သည်။ ဖိတ်စာ၏ ဝဲဘက်စာမျက်နှာတွင် ဖော်ပြထားသော ဟာသလူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင် ကိုဒိန်းဒေါင်၏ ကဗျာလေးကြောင့်ပဲ လားတော့ မသိ၊ ထိုပွဲကို တက်ဖြစ်အောင်တက်မည်ဟု ကျွန်တော်စိတ်ပိုင်းဖြတ်ထားလိုက်မိ၏။ ကဗျာလေး နာမည်က ပျော်တော်ဆက်တို့ နေဝင်ချိန် ...တဲ့။

အလှူဒါနပြုခဲ့ပါသည်

၇-၇-၂၀၂၃ ရက်၊ သူတို့ဖိတ်သည့် နံနက် ၉ နာရီ မတိုင်မီ နာရီဝက်စော၍ ကျွန်တော် ရောက်အောင်သွားခဲ့သည်။ လုံခြုံရေးကန့်သတ်ချက်မရှိ၊ ကားအတွက် ဝင်ခွင့်ကတ်လည်း ပေးမထား၊ လွတ်လွတ်လပ်လပ်နှင့် MICC-2 ထဲ ရောက်သွားသည်။ ဟာသသရုပ်ဆောင် လူတန်းကြီးကို တွေ့လိုက်ရ၏။ သူတို့ကို တီဗွီထဲမှာ၊ ဗီဒီယိုဇာတ်ကားတွေထဲမှာ ကြည့်ဖူးမြင်ဖူးနေ၍ သိနေသော်လည်း သူတို့ကတော့ ကျွန်တော့်ကို မသိကြပါ။ စားပွဲတစ်လုံးပေါ်မှာ ငွေဖလားကြီးတစ်လုံး တွေ့ရသဖြင့် ငွေလှူလို့ရသေးလားဟု မေးမြန်းကြည့်လိုက်သည်။ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျပ်သိန်း ၃၀ လှူဒါန်းထားပြီး ဖြစ်သည်။ ကျွန်တော် မလှူရသေးသဖြင့် မေးကြည့် ပြီး ပါလာသော ငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းရာ ဟာသသရုပ်ဆောင်နှင့် မြန်မာနိုင်ငံဟာသ ပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်၊ ဦးငြိမ်းချမ်း၊ အကယ်ဒမီ ဦးအုန်းသီးတို့က လက်ခံရယူပေးပါသည်။

တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်

ဟာသလူရွှင်တော် အောင်ချစ်၊ လူရွှင်တော် ဖလားပြိုင်ပွဲ၌ ကိုပေါ်ဦးတို့နှင့် အတွဲညီညီဝင်ရောက် ယှဉ်ပြိုင်ရင်း ပထမဆုတွေ ခဏခဏသိမ်းပိုက်ပြီး အနုပညာစင်မြင့်ထက်ကို ရောက်ရှိသွားသော လူရွှင် တော် အောင်ချစ်၊ ယခုတော့ မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး(ဗဟို)မှာ တွဲဖက်အတွင်း ရေးမှူးတာဝန်ကို ထမ်းဆောင်နေပြီဖြစ်သော ဦးအောင်ချစ်အနေဖြင့် ဆုံတွေ့လိုက်ရသည်။ ဆုံတွေ့လိုက်ရသည်ဟုဆိုရခြင်းမှာ အောင်ချစ်နှင့် ကျွန်တော်တို့ရေစက်က လွန်ခဲ့သော ၁၆ နှစ်လောက် ကတည်းက ဆုံခဲ့ခြင်းဖြစ်သည်။ နယ်စပ်/ စည်ပင်ဝန်ကြီးဌာန နာမည်နှင့် ရှိနေစဉ်ကာလ၊ ဝန်ကြီး ဦးသိန်းညွန့်၏ လက်ထက် ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် သန်လျင်တံတားကြီးအနီးတွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကြီးကို ဖွင့်လှစ်ခဲ့သည်။ ရိုးရာအိမ် ရှစ်အိမ်မှာ ယဉ်ကျေးမှုဝန်ထမ်းတွေ ခန့်ထားသလို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ မြန်မာ့ဆိုင်းဝိုင်းကြီးတစ်စုံလည်း ပေါ်ပေါက်လာခဲ့သည်။ ရွှေတံဆိပ်ဆုများရှင် ရွာစားကျော် စိန်လှမြိုင်နှင့် ဗိုလ်ရှိုင်းတို့က ဝိုင်းတော်တီး၊ နေဇော်မင်းကနှဲ၊ ခင်ဇော်ထွန်းကမောင်း၊ မင်းဝေအောင်က ကြေးမောင်း၊ ဗိုလ်ရှိုင်း၏ ဖခင်ဖြစ်သူ ဦးတင်ရွှေက စည်းဝါး၊ အနှီ အောင်ချစ်က ပတ်မတီး ဖြစ်သည်။ ရွာစားကျော် စိန်လှမြိုင်၏ တပည့်သားသမီးများပီပီ သည်ကလေးအုပ်စုက ဆိုကရေးတီးပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေ ရရှိထားကြသူများ ဖြစ်ကြသည်။ သူတို့အဖွဲ့တွေရော၊ နတလသင်္ကြန်ယိမ်းအဖွဲ့တွေပါ ၂၀၀၉၊ ၂၀၁၀ နေပြည်တော် မြန်မာ့ရိုးရာသင်္ကြန် ပွဲတော်မှာ သွားရောက်ဖျော်ဖြေခဲ့ကြရာ ကျွန်တော်က အုပ်ချုပ်သူအဖြစ် တာဝန်ယူခဲ့ရ၍ အားလုံးနှင့် ရင်းနှီးနေခြင်း ဖြစ်ပါသည်။

အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

အခမ်းအနားသို့  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးရဲတင့်၊ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဦးမြင့်စိုး၊ ဒေါက်တာစိုးဝင်း၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူ့စစ်နှင့် စိတ်ဓာတ်စစ်ဆင်ရေး  ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ  ညွှန်ကြားရေးမှူးများဖြစ်ကြသော ဗိုလ်မှူးချုပ်ရဲရင့်အောင်နှင့် ဗိုလ်မှူးချုပ်စိုးသန်းတို့ တက်ရောက်ကြသည်။ နိုင်ငံကျော် အနုပညာရှင်များ ဖြစ်ကြသော အကယ်ဒမီရန်အောင်၊ အကယ်ဒမီစိုးသူ၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီ စိုးမြတ်နန္ဒာတို့လည်း  ပါဝင်တက်ရောက်ပြီး ကိုရန်အောင်နှင့် ကိုစိုးသူက ဝါဆိုသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်သွားသေးသည်။ အသက် ၆၅ နှစ်အထက် သက်ကြီးလူရွှင်တော်များကန်တော့ပွဲသို့ ကန်တော့ခံ ပုဂ္ဂိုလ် ၁၅၆ ဦးရှိသည့်အနက် ၁၀၆ ဦးရောက်ရှိ ကန်တော့ခံခဲ့ကြောင်းနှင့် ဟာသလူရွှင်တော် စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။ အခမ်းအနားအစီအစဉ်အရ ဟာသပညာရှင်များက မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး သီချင်းကို သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မုဒိတာစကားပြောကြားရာ၌ ယခုကဲ့သို့ ဟာသ လူရွှင်တော်များစွာကို စုစည်းညီညွတ်စွာ တွေ့မြင်ရခြင်းသည် အမှောင်မှ အလင်းရှိရာသို့ ရင်းနှီးချစ်ကြည်စွာ လက်တွဲလျှောက်လှမ်းကြသည့် အနုပညာရှင် မိသားစုကြီးအဖြစ် မြင်မိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကလည်း ဟာသပညာရှင်ကြီးများအပေါ် အလေးထား၍ မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး (ဗဟို) ဖြစ်ပေါ်လာစေရေး လမ်းညွှန်မှုများ ပေးခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ဟာသ ပညာရှင်များ ရွာတည်ရန် မြေငါးဧက ခွင့်ပြုချထားပေးပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ငွေကျပ်သိန်း ၁၀၀၀ မတည်ပေးထားကြောင်း ပြောကြားသွားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ၂၀၀၉ ခုနှစ်တွင် လူရွှင်တော်အသင်း အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုမှ ချွန်တွန်း ပရဟိတအသင်းဟု ပြင်ဆင်ဖွဲ့စည်းပြီး သက်ကြီး ဟာသပညာရှင်ကြီးများ၏  နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ ပြီးခဲ့သည့်နှစ်များက ဟာသပညာရှင်ကြီးများသည် အိမ်ငှားစရိတ်ပင် မပေးနိုင်ကြခြင်း၊ နေထိုင်စားသောက်ရေး အဆင်မပြေခြင်းများ ကြုံတွေ့လာရသဖြင့် ဟာသပညာရှင် လူငယ် ၁၀၀၀ ခန့်ဖြင့် မြို့ရွာအနှံ့အပြားမှာ လှည့်လည် အလှူခံခဲ့ကြကြောင်း၊ အခက်အခဲမျိုးစုံကြားမှ ကူညီဆောင်ရွက်ပေးကြသည့် ထိုလူငယ်လေးများကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ကူညီစောင့်ရှောက်မှုဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသွားသည်။

အငြိမ့်ခန်းလေး ထည့်သွင်းဖျော်ဖြေ

အခမ်းအနားအစီအစဉ်ကြီး ရိုးအီမသွားရလေအောင် ကြားထဲမှာ အငြိမ့်ခန်းလေး ထည့်ထားပါသေး သည်။ မင်းသမီးကတော့ နေခြည်ငြိမ်းချမ်း ဖြစ်သည်။ သူ့ဖခင် ဦးငြိမ်းချမ်းသည် မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံးမှာ နာယကလည်းဖြစ်၊ အကြံပေးလည်းဖြစ်၊ လူရွှင်တော်အသင်းနှင့် ချွန်တွန်း ပရဟိတအသင်းဘဝကတည်းက ကိုယ်ရောစိတ်ပါ နှစ်၍ အပင်ပန်းခံဆောင်ရွက်ခဲ့သူလည်းဖြစ်ကြောင်း သိရသည်။ အငြိမ့်ခန်းလူရွှင်တော်များက နှစ်ဖွဲ့ခွဲ၍ ထွက်လာသည်။ ပထမလေးယောက်မှာ ပေါ်ဦး၊ ပန်းသီး၊ အောင်ချစ်နှင့် ကျော်သက်တို့ဖြစ်ကြပြီး အောင်ချစ်၏ ခွန်းထောက်သီဆိုမှုနှင့် စတင်ခဲ့သည်။ သူ၏ အဆိုအပြောကောင်းတာတွေကို ငယ်စဉ်ကတည်း က ကျွန်တော် မြင်ဖူးခဲ့၍ မအံ့ဩတော့ပါ။ ကိုပေါ်ဦးကလည်း နဂါးနီသီချင်းအလိုက်ဖြင့် ကိုဗစ်ရောဂါ ကာကွယ်ရေး၊ မိုခါမုန်တိုင်းသင့်ဒေသများကို နိုင်ငံသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ရေးအတွက် သူကိုယ်တိုင် စပ်ဆိုထားသည့်သီချင်းကို သီဆိုသွားခဲ့သည်။ သူတို့နောက်ကထွက်လာသည့် အတွဲကလည်း လူညီသလို လက်ရည်နှုတ်ရည် ညီသည်ဟု ပြောရမလားမသိ။ ရာဇာပေါက်စီ၊ လန်ဒန်၊ ရွှင်ပျော်၊ ငွေတိုးတို့အတွဲ ဖြစ်ပါသည်။

ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်းက သက်ကြီးဟာသပညာရှင်ကြီးများ ဖြစ်ကြသော ဦးမိုးဒီ၊ ဦးပေါ်လေး၊ ဦးစံမိုး၊ ဦးကျင်ဝှက်၊ ဦးမိုးကျော်၊ ဦးရွှေဂဲ၊ ဦးမန်းကျော်၊ ဦးဖိုးဆောင်း၊ ဦးချစ်စရာနှင့် ဦးဝါမင်းတို့ကို ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးအပ် ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်ကြီးများထဲက ဦးဝါမင်းဆိုလျှင် အသက် ၉၃ နှစ် ရှိပြီဖြစ်၍ စင်ပေါ်သို့ ပွေ့ချီခေါ်လာ ရသည်ကို တွေ့ရသည်။ အနုပညာဖြင့် ဘဝကိုရှင်သန်ခဲ့ပြီး ယခုလို သံယောဇဉ်ကြီးစွာ အရောက်လာခဲ့ခြင်းကိုက အလွန်လေးစားစရာ ဖြစ်ခဲ့သည်။ ဂုဏ်ပြုဆုများ ပေးအပ်အပြီးတွင် ဟာသသရုပ်ဆောင် အကယ်ဒမီ ဦးမိုးဒီက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဦးမိုးဒီကို ကြည့်နေရင်းက သူနှင့်အတူ ဦးစိန်မာဒင်၏ ဇာတ်ထဲမှာအတူ ကပြရင်း အနုပညာခရီးလမ်းကို လျှောက်လှမ်းခဲ့ကြသည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမော့စ် (ကွယ်လွန်) ကို သတိရမိလိုက်၏။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က အကယ်ဒမီဆုရ ဦးအုန်းသီးအား ဂုဏ်ပြုဆုချီးမြှင့်သည်။ ယင်း နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက လူမှုထူးချွန်(ဒုတိယဆင့်)ရ ဦးဒိန်းဒေါင်အား ဂုဏ်ပြုဆုချီးမြှင့်သည်။ အစီအစဉ်အရ ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ဦးငြိမ်းချမ်းနှင့် ဦးအောင်ချစ် တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ကြားဖြတ်အစီအစဉ်အရ တင်ဆက်ကပြသွားသော “ပြုံးနေပေးပါ ဟာသဆရာ” တစ်ခန်းရပ် အစီအစဉ်လေးလည်း ကြည့်လို့ကောင်းပါသည်။ ဟာသအနုပညာရှင်များ အထူးသဖြင့် သက်ကြီးဟာသပညာရှင်ကြီးများအနေဖြင့် ရုပ်ရှင်၊ သဘင်၊ အငြိမ့်တို့တွင် အနုပညာလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်ရာ၌ အခက်အခဲပေါင်းစုံ ကြုံကြရသလို မိမိတို့ အနုပညာအပေါ် ထိပါးပွတ်တိုက်ခံရမှုများနှင့်လည်း ကြုံရသည်ကို ဖော်ညွှန်းပြသသွားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသော  ဧည့်သည်တော်များက ကန်တော့ခံဟာသပညာရှင်ကြီးများအား ကန်တော့ခံ ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။ ကန်တော့ခံများထဲ၌ ဆရာတော်ကြီး ခုနစ်ပါးလည်း ပါဝင်နေပါသည်။

ဟာသပညာရှင်တို့ နေဝင်ချိန်

ကိုဒိန်းဒေါင် ရေးဖွဲ့စပ်ဆိုထားသော ကဗျာလေးနှင့် ကျွန်တော်၏ ဆောင်းပါးကို နိဂုံးကမ္ပတ် အဆုံးသတ်ပါမည်။

ဇမ္ဗူတစ်ခွင်ပျော်ဖို့ လူရွှင်တော်တို့

ပြုံး၊ မဲ့၊ ငို၊ ရီ အလီလီနဲ့

မြို့နယ်၊ ပြည်ရွာ လှည့်ပတ်ကာဖြင့်

နေ့၊ ည မအား ကြိုးစားခဲ့သည်

ရက်ကို လ စား လ နှစ်စားနှင့်

ဇရာဖိစီး ဒီခရီးကို

ဆက်လက်ပျော်စွာ လျှောက်ချင်ပါလဲ

အိုမင်းလက္ခဏာ တုန်ချိစွာမို့

ပရိသတ်ရင်ခွင် ပျော်ပွဲဆင်အောင်

စွမ်းဆောင်နိုင်အား မဲ့ခဲ့ပြီ

ပြည်သူချစ်သော အနုပညာရှင်များအဖြစ်

ထိုအခမ်းအနားကိုတက်ရင်း ကျွန်တော်အတွေးနယ် ဖြန့်ကြက်မိသည်ကတော့ ဟာသ ပညာရှင်ကြီးများအပါအဝင် အနုပညာရှင်များကို နိုင်ငံတော်ကအားပေးပါသည်။ အနုပညာသည် ပြည်သူအတွက် ဖြစ်ရမည်။ ပြည်သူ့အကျိုးကို ရွက်သယ်ပိုးနေသည့် အနုပညာရှင်များ အားလုံးကို နိုင်ငံတော်အစိုးရက ထိုက်သင့်သော ချီးမြှောက်မှုများ ပြုလုပ်ပေးနေပါသည်။ ဘဝနောင်ရေးအတွက်လည်း တတ်စွမ်းသမျှ ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးနေပါသည်။ ပြန်ကြားရေးဝန်ကြီး မိန့်ကြားသွားသကဲ့သို့ အလွန်ချစ်စရာကောင်းသော၊ ဖြူစင်သော၊ တန်ဖိုးသတ်မှတ်၍ မရသော အနုပညာကို အရောင်မဆိုးကြဖို့ လိုပါသည်။ အနုပညာရှင်တိုင်းကို ပြည်သူအားလုံးက ချစ်ပါသည်။ ပြည်သူချစ်သော အနုပညာရှင်များအဖြစ် အမြဲထာဝရ ရှင်သန်ရပ်တည်သွားနိုင်ကြပါစေ ဟူ၍သာ...။ ။