ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးအား အာမခံဖြင့်လွှတ်ပေး

ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးအား ကနေဒါတရားရုံးက အာမခံဖြင့် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။

ဒီဇင်ဘာ ၁ ရက်က မန်ဝမ်ကျိုးအား ကနေဒါအာဏာပိုင်များက ဗန်ကိုဗားနိုင်ငံတကာလေဆိပ်တွင် အမေရိကန်၏ တောင်းဆိုချက်အရ ဖမ်းဆီးခဲ့သည်။ အမေရိကန်က အီရန်အပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဟွာဝေးကုမ္ပဏီက ချိုးဖောက်ခဲ့သည်ဟု မန်ဝမ်ကျိုးအား စွပ်စွဲခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်တွင် ကနေဒါတရားရုံးက မန်ဝမ်ကျိုးအား ဒေါ်လာ ၇ ဒသမ ၅ သန်းခန့်ကို အာမခံငွေအဖြစ် ထားခွင့်ပြုကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ သို့သော် မန်ဝမ်ကျိုး၏ တရုတ်နှင့် ဟောင်ကောင် နိုင်ငံကူး လက်မှတ်များကို လွှဲပြောင်းပေးအပ်ရန်နှင့် သူ့အား အလွယ်တကူ ပြန်လည်ရှာတွေ့နိုင်ရန် ဂျီပီအက်စ် စနစ်တပ်ဆင်ထားရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မန်ဝမ်ကျိုးအား အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးရန် စီစဉ်မှုများရှိနေသေးသည့်အတွက် ကနေဒါနိုင်ငံ အတွင်းတွင်သာ နေထိုင်ရန်လိုအပ်ကြောင်း ကနေဒါအာဏာပိုင်များက ဆိုသည်။

အင်န်အိတ်ချ်ကေ