ဟွာဝေးနဲ့ အဆက်အသွယ်ဖြတ်တောက်လိုက်သည့် ဂျပန် ကုမ္ပဏီ Panasonic

၂၃ မေ 

အမေရိကန် အစိုးရက တရုတ် တယ်လီကွန်း ကုမ္ပဏီ ဟွာဝေးကို လုံခြုံရေးအကြောင်းပြချက်ဖြင့်  ပိတ်ပင်မှုများ ပြုလုပ်လိုက်ပြီးနောက်ပိုင်းမှာ နည်းပညာကုမ္ပဏီများဟာ ဟွာဝေးနှင့် အဆက်အသွယ် ဖြတ်တောက်လာကြရာ ယနေ့မှာလည်း ဂျပန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Panasonic ကလည်း ဟွာဝေးအပေါ် အချို့အစိတ်အပိုင်းများ ထောက်ပံ့မှုကို ရပ်တန့်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဂျပန်နဲ့ ဗြိတိန် မိုဘိုင်းကုမ္ပဏီကြီး လေးခုက ဟွာဝေးရဲ့ ထုတ်ကုန်အသစ်များ ဖြန့်ဖြူးမှုကို ရပ်တန့်မည်ဖြစ်ကြောင်း ကြေညာပြီးနောက်မှာ Panasonic ကုမ္ပဏီကလည်း ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

ဟွာဝေးနဲ့ ၎င်းရဲ့လုပ်ငန်းအုပ်စု ၆၈ ခုနဲ့တွဲဖက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းများအားလုံးကို ရပ်တန့်သွားမှာ ဖြစ်ကြောင်း Panasonic ပြောရေးဆိုခွင့်ရှိသူ ဂျိုးဖလင်း က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။  

Panasonic ကုမ္ပဏီဟာ ဟွာဝေးနဲ့ အီလက်ထရောနစ် အစိတ်အပိုင်းများ ထောက်ပံ့မှုမှာ ပူးပေါင်းဆောင်ရွက်နေပြီး အခြားအသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ခြင်းမရှိသေးပါဘူး။ Panasonic ကုမ္ပဏီအနေနဲ့ ဟွာဝေးနဲ့ လုပ်ငန်းများရပ်တန့်မှုမှာ ကန့်သက်ချက်တွေရှိနိုင်တယ်လို့ သတင်းထောက်တွေက ထင်ကြေးပေးကြပေမဲ့ Panasonic ဘက်က ဘယ်လုပ်ငန်းတွေမှာ ရှေ့ဆက် လက်တွဲသွားမလဲဆိုတာတော့ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုထားခြင်းမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ တစ်ပတ်က အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်ဟာ အမျိုးသားလုံခြုံရေး အကြောင်းပြချက်နဲ့ ပြည်တွင်း ကုမ္ပဏီများကို ပြည်ပတယ်လီကွန်း ကုမ္ပဏီများဆီက အစိတ်အပိုင်းများ အသုံးပြုမှုရပ်တန့်ဖို့ အမျိုးသားရေး အရေးပေါ်အခြေအနေကို ကြေညာလိုက်ပါတယ်။ ဒီလို ကြေညာလိုက်တာဟာ ဘယ်ကုမ္ပဏီ ဘယ်နိုင်ငံကိုမှ ဦးတည်ခြင်းမရှိဘူးလို့ အိမ်ဖြူတော်ဘက်က ကြေညာထားပေမဲ့ ဟွာဝေးကို ဦးတည်ရည်ရွယ်သလို ဖြစ်နေပါတယ်။ 

ယင်းကြေညာချက်နောက်ပိုင်းမှာ Google ဟာ ဟွာဝေးနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်သလို ဂျပန်နဲ့ ဗြိတိန် မိုဘိုင်းကုမ္ပဏီလေးခုက ဟွာဝေး ဖုန်းအသစ်များ ဖြန်ဖြူးမှုကို ရပ်တန့်မယ်လို့ ကြေညာလိုက်ပါတယ်။ တယ်လီကွန်း ကုမ္ပဏီ EE ဟာလည်း ဗြိတိန်အတွက် ဟွာဝေးရဲ့ ပထမဆုံး 5G ကွန်ရက်ရရှိနိုင်တဲ့ Mate 20X ကို ယူဆောင်ပေးခဲ့ပေမဲ့ နိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍမှာ ဟွာဝေးရဲ့ ပါဝင်ပတ်သက်မှုဟာ အငြင်းပွားဖွယ် ဖြစ်လာတာကြောင့် ဟွာဝေး 5G ဖုန်းများ ရောင်းချမှုကို ရပ်တန့်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ EE အမှုဆောင်ချုပ် မာ့စ်အဲလ်ရာ ကလည်း ၎င်းတို့ရဲ့ ဖောက်သည်များအတွက် ကာလရှည် လုံခြုံရေး၊ သတင်းအချက်အလက်နဲ့ ယုံကြည်စိတ်ချမှု မရသေးသ၍ ဟွာဝေးရဲ့ ဖုန်းများဖြန့်ချိမှုကို ရပ်တန့်သွားမယ်လို့ ပြောပါတယ်။

မိုဘိုင်းဖုန်းတွေအတွက် ပရိုဆက်ဆာ ဒီဇိုင်းရေးဆွဲပေးတဲ့ အမေရိကန် နည်းပညာကုမ္ပဏီ ARM ကလည်း ဟွာဝေးနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။ ARM ဟာ ဟွာဝေးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်၊ ခံစားပိုင်ခွင့် အထောက့်အပံ့တွေအပြင် ဆိုင်းငံ့ထားတဲ့ လုပ်ငန်းကိစ္စများအားလုံးကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အဆင့်နှစ်နဲ့ အဆင့်သုံးနေရာမှာရှိတဲ့ KDDI နဲ့ SoftBank မိုဘိုင်း ကုမ္ပဏီနှစ်ခုကလည်း ဟွာဝေးရဲ့ ဖုန်းအသစ်များ ဖြန့်ချိထုတ်လုပ်မှုကို ဆိုင်းငံ့ထားမယ်လို့ သိရပြီး NTT Docomo ကုမ္ပဏီကလည်း ဟွာဝေး ဖုန်းအသစ်များကို မှာယူထားတဲ့ ကြိုတင်အမှာစာကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။

တယ်လီကွန်း ကုမ္ပဏီတစ်ခုကို ပိတ်ပင်လိုက်ပြီးနောက် ဖြစ်ပေါ်လာမယ့် အနှောက်အယှက် အဟန့်အတားများကို ရှောင်ရှားနိုင်ရန် ကာလအခိုက်အတန့်တစ်ခု လိုအပ်တာကြောင့် အမေရိကန် အစိုးရဟာ ဟွာဝေးအပေါ် သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ရက် ၉၀ ဆိုင်းငံ့ထားပါတယ်။ အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနကလည်း အမေရိကန် ကုမ္ပဏီများအနေဖြင့် ဟွာဝေးကို နည်းပညာရာင်းခြင်း လွှဲပြောင်းခြင်း မလုပ်ရန် တားမြစ်ချက် ထုတ်ပြန်ထားပါတယ်။

Google နဲ့ ARM တို့လို ကုမ္ပဏီတွေက ဟွာဝေးကို အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းမျိုးဟာ ဟွာဝေးအတွက် ထိခိုက်နစ်နာမှု ပြင်းထန်နိုင်ကြောင်း လေ့လာသုံးသပ်သူတွေကဆိုပါတယ်။ ဟွာဝေးအပေါ် ကန့်သတ်ပိတ်ပင်မှုတွေဟာ တရုတ်ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သေချာတာကတော့ ဟွာဝေးရဲ့ ရောင်းအားကို ဆိုးရွားလာစေနိုင်ပါတယ် လို့ လွတ်လပ်သော စီးပွားရေး လေ့လာသုံးသပ်သူ ဟီရိုယူကီ ကူဘိုတာ က သုံးသပ်ထားပါတယ်။

ဝါရှင်တန်ဟာ ဟွာဝေးနဲ့ တရုတ်စစ်တပ်အကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိနေတယ်လို့ သံသယရှိနေပြီး အခုလို ဟွာဝေး ကုမ္ပဏီအပေါ် ကန့်သတ်ပိတ်ပင်လိုက်တာဟာ ကမ္ဘာ့ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြား  စီးပွားရေးဆိုင်ရာ အငြင်းပွားမှု ကာလကြားမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း အမျိုးသားလုံခြုံရေး ကောင်စီက ဟွာဝေးရဲ့ 5 G ကွန်ရက် ကဏ္ဍကို ကန့်သတ်ဖို့ ဗြိတိန် အစိုးရကို ပြီးခဲ့တဲ့ လက အဆိုပြုခဲ့ပါတယ်။  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို ဗြိတိန်ကို အလည်အပတ်ရောက်ရှိစဉ်ကလည်း သမိုင်းဝင် မဟာမိတ် နိုင်ငံများအကြား ထောက်လှန်းရေးသတင်း ဝေမျှရာမှာ ထိခိုက်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဟွာဝေးဟာ အမေရိကန်ရဲ့ ကန့်သတ်မှုကို ရင်ဆိုင်နေရပြီး ၄င်းကို ထောက်ပံ့နေတဲ့ အခြးကုမ္ပဏီများရဲ့ အဆက်အသွယ် ဖြတ်တောက်မှုတွေကိုလည်း ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

SMZaw(MDN)
Source> AFP