လန်ဒန်  ဧပြီ   ၂

ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နည်းလမ်းကောင်းများဆွေးနွေးရန်  နိုင်ငံစုံအစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံက ယနေ့ ကြေညာသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဗက်တီကူးပါးက အဆိုပါဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာက သတင်းထောက်များကို ပြောကြားသည်။

ပါဝင်ဆွေးနွေးမည့်နိုင်ငံများက လွတ်လပ်စွာရေကြောင်းသွားလာနိုင်ရန်၊ ပိတ်မိနေသော သင်္ဘောများနှင့် သင်္ဘောသားများ၏ ဘေးကင်းရေးအပါအဝင် အရေးကြီးသော ကုန်စည်များ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အလားအလာရှိသော သံတမန်ရေးနှင့် နိုင်ငံရေးဆိုင်ရာ အစီအမံအားလုံးကို အကဲဖြတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ဆွေးနွေးပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ သတင်းရင်းမြစ်များက ပြောကြားသည်။  ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ ဂျပန်နှင့် ယူအေအီးအပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံက ရေလမ်းကြောင်းများ ပြန်လည်ဖွင့်ပေးရန်အတွက် အီရန်အား တိုက်တွန်းမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်