ဟော်မုဇ်ရေလက်ကြားရှိ ဗြိတိန်သင်္ဘောများကိုဗြိတိန်ရေတပ် စောင့်ရှောက်မည်

လန်ဒန် ၆ ဇန်နဝါရီ

 

အမေရိကန်နိုင်ငံ၏ လေကြောင်းစစ်ဆင်မှုတစ်ခုအတွင်း အီရန်တပ်မတော် တပ်မှူး ကာဆမ်းဆိုလန်းမန်းနီ သေဆုံးခဲ့ ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် ဗြိတိန်နိုင်ငံအလံလွှင့်ထူထားသည့် သင်္ဘောများကို ဗြိတိန်ရေတပ်က စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ဗြိတိန်က ပြောကြားသည်။

 

ရေနံသယ်ဆောင်ရာ အဓိကသင်္ဘောလမ်းကြောင်း တစ်လျှောက် သင်္ဘောများကို စောင့်ကြပ်လိုက်ပါရန်အတွက် ပြင်ဆင်ထားကြရန် ရေတပ်သင်္ဘောနှစ်စင်းကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က စနေနေ့က ထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြသည်။

 

ဘန်ဝေါလေ့စ်က ၎င်းသည် အမေရိကန်ကာကွယ်ရေး ဝန်ကြီး မာ့ခ်အပ်စ်ပါနှင့် စကားပြောခဲ့ကြောင်း၊ အခြေအနေ တင်းမာမှုကိုလျှော့ချရန် သက်ဆိုင်သူအဖွဲ့အားလုံးကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ လွန်ခဲ့ သည့်လများအတွင်း အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ သည် အီရန်၏ ထပ်ခါထပ်ခါတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ ၎င်းတိုက်ခိုက်မှုများကို ဆိုလန်းမန်းနီက ဦးဆောင်ခဲ့ကြောင်း ဘန်ဝေါ‌လေ့စ်က ပြောကြားခဲ့သည်။

 

နိုင်ငံတကာဥပဒေအရ အမေရိကန်နိုင်ငံသည် ၎င်း၏ နိုင်ငံသားများအပေါ် ကျရောက်သည့် သိသာထင်ရှားသည့် ခြိမ်းခြောက်မှုအန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့် ရှိကြောင်း ဝေါလေ့စ်က ထပ်လောင်းပြောကြားသည်။

 

ပြီးခဲ့သည့်နှစ်က အီရန်ကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ဟော်မုဇ်ရေလက်ကြားအတွင်း ဗြိတိန်အလံတင်ထားသည့် သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ပြီးနောက် ဗြိတိန်ရေတပ် သင်္ဘောများသည် ယင်းရေလက်ကြားကို ဖြတ်သန်းသည့် ဗြိတိန်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ခဲ့ကြောင်း သိရ သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ဇော်လင်း