ဟော်မုတ်ရေလက်ကြား မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် အချိန်ယူရမည်

၆ စက်တင်ဘာ

ဟော်မုတ်ရေလက်ကြားပတ်ဝန်းကျင်တွင် သွားလာနေသော ကုန်သွယ်ရေယာဉ်များကို ကာကွယ်မည့် မဟာမိတ်အဖွဲ့ဖွဲ့စည်းရန်အတွက် အချိန်ထပ်မံယူရမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စ်ပါ က ပြောခဲ့သည်။

အမေရိကန်၏ စီမံကိန်းတွင် ပါဝင်ရန် နိုင်ငံအချို့အနေနှင့်  လုပ်ငန်းအဆင့်ဆင့်ကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ယမန်နေ့က သတင်းထောက်များနှင့် မေးမြန်းစဉ်တွင် အက်စ်ပါက ယခုကဲ့သို့ ပြောကြားခဲ့သည်။ အချို့သော အစိုးရများအနေဖြင့် ၎င်းတို့ ဉပဒေပြုလွှတ်တော်၏ အတည်ပြုချက်များ ရယူရန် လိုအပ်နေသေးသည့်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သုံးနိုင်ငံဖြစ်သော ဗြိတိန်၊ ဘာရိန်းနှင့် ဩစတြေးလျတို့သည် ယင်းစီမံကိန်းတွင် ပါဝင်မည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်သည်။ နိုင်ငံအတော်များများသည် အီရန်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို သိသိသာသာ ထည့်သွင်းစဉ်းစားနေသည့်အတွက် ယင်းအဖွဲ့တွင် ပါဝင်ရန် တွန့်ဆုတ် နေကြခြင်းဖြစ်သည်။

 

လုပ်ငန်းတာဝန်အများအပြားကို လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် နိုင်ငံအတော်များများ အားပေး ထောက်ခံမှုမှာ အရေးကြီးကြောင်း အက်စပါက အလေးထားပြောကြားခဲ့သည်။ အမေရိကန်ဉီးဆောင်သော လုံခြုံရေးစစ်ဆင်ရေးနှင့် စီးပွားရေးပိတ်ဆို့မှု စသည်တို့သည် အီရန်အပေါ် ဖိအားပေးမှုများ ပေါ်ပေါက်လာလိမ့်မည်ဟု အမေရိကန်အနေနှင့် မျှော်လင့်ထားသည်။

 

တီဟီရန်ကလည်း ယူရေနီယမ် ထုတ်လုပ်မှုအတွက် တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်မှုသည် ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်ပါ ကတိကဝတ်များမှ အဝေးသို့ တွန်းပို့သကဲ့သို့ရှိနေသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်