ဟောင်ကောင်အရေးကိစ္စတွင် အမေရိကန် ကြားဝင်စွက်ဖက်နေသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြော

ဟောင်ကောင် ၉ သြဂုတ်

ဟောင်ကောင်၌ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ဖြစ်ရာ ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အပြန်အလှန်စကားဖြင့် ထိုးနှက် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဟောင်ကောင်ရုံးက အမေရိကန်သံအမတ်များသည် ဟောင်ကောင်အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်နေကြောင်း သြဂုတ် ၈ ရက်တွင် စွပ်စွဲခဲ့သည်။ ဟောင်ကောင်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး အာဏာပိုင်တစ်ဦးက ဒေသရှိ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံနေသည့် ဓာတ်ပုံတစ်ပုံကို တရုတ်သတင်းမီဒီယာက ဖော်ပြခဲ့ပြီးနောက် ယင်းစွပ်စွဲချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ယင်းသို့စွပ်စွဲခဲ့မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တာဂတ်စ် က အမေရိကန်သံအမတ်တစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်ကို ထုတ်ပြန်ဖော်ပြခြင်းသည် ယဉ်ကျေးမှုမရှိသည့် အပြုအမူဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက အတိုက်အခံ ခေါင်းဆောင်များအပါအဝင် လူအမျိုးမျိုးနှင့် တွေ့ဆုံရန်မှာ အမေရိကန်သံအမတ်များ၏ လုပ်ငန်းတာဝန် တစ်ခုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုမှတစ်ဆင့် စတင်လာခဲ့သည့် အမေရိကန်နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုများသည် တစ်နေ့တခြား ပိုမိုအရှိန်မြင့်တက်လာလျက်ရှိသည်။

အင်န်အိတ်ချ်ကေ