ဟောင်ကောင်ကောလိပ်ဝင်းအတွင်း ဗုံးနှစ်လုံးတွေ့ရှိ

ဟောင်ကောင် ၁၀  ဒီဇင်ဘာ

ဟောင်ကောင်ရှိ ကောလိပ်ကျောင်းဝင်းတစ်ခုအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရမှု အများအပြား ဖြစ်ပွားစေနိုင်သည့် လက်လုပ်အဝေးထိန်းဗုံးနှစ်လုံးကို ဟောင်ကောင်ရဲတပ်ဖွဲ့က အောင်မြင်စွာ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဗုံးနှစ်လုံးသည် အပြည့်အဝ အသက်ဝင် လည်ပတ်လျက်ရှိပြီး ပေါက်ကွဲခဲ့ပါက ဆုံးရှုံးမှုအန္တရာယ် ကြီးမားနိုင်ကြောင်းသိရသည်။ အဆိုပါ ဗုံးနှစ်လုံးအား ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီခွဲတွင် ဝါရန်ကောလိပ်ဝင်းအတွင်း တွေ့ရှိခဲ့ကြောင်း သတင်းပေးချက်ရရှိခဲ့ပြီးနောက် ဗုံးများကို ဖယ်ရှားရှင်းလင်းရန် အရာရှိများကိုစေလွှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဗုံးရှင်းလင်းအဖွဲ့က စစ်ဆေးကြည့်ရှုပြီးနောက် ထိုဗုံးနှစ်လုံးသည် ဖောက်ခွဲရန် အဆင်သင့် ဖြစ်နေသည့်အနေအထားသို့ ရောက်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဗုံးနှစ်လုံး၏ စုစုပေါင်းအလေးချိန်မှာ ၁၀ ကီလိုဂရမ် ရှိပြီး ပေါက်ကွဲအား ပြင်းထန်သောပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆင်ဟွာ