ဟောင်ကောင်ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိဟု ထရန့်ပြောကြား

၂၇ နိုဝင်ဘာ

ဒီမိုကရေစီ လိုလားသောစခန်းများ အပြတ်အသတ်အနိုင်ရပြီးနောက်တွင် ဟောင်ကောင်ပြည်သူများနှင့်အတူ ရပ်တည်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ဒေသတွင်းခရိုင်ကောင်စီရွေးကောက်ပွဲတွင် ယခုကဲ့သို့ အနိုင်ရခဲ့သော်လည်း တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ 

ဟောင်ကောင်တွင် ဒီမိုကရေစီထွန်းကားမှုကို မြင်တွေ့လိုကြောင်း၊ ထိုကဲ့သို့ ထွန်းကားလာမည်ကို ယုံကြည်ကြောင်း၊ သမ္မတရှီကျင့်ပင်ကလည်း အဆိုပါဖြစ်ရပ်ကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်ရမည်ကို သဘောကျနှစ်ခြိုက်လိမ့်မည်ဟု ၎င်းအနေနှင့် ယုံကြည်ကြောင်း ထရန့်က သတင်းထောက်များအား အိမ်ဖြူတော်တွင် ယမန်နေ့က ပြောကြားခဲ့သည်။ 

သို့သော်လည်း ထရန့်အနေနှင့် ဟောင်ကောင်မှ တောင်းဆိုထားသော ဒီမိုကရေစီအရေးနှင့် ပတ်သက်သည့် ထောက်ခံသောမူကြမ်းကို လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာပြောကြားခြင်း မရှိခဲ့ပေ။ ပေကျင်းကလည်း အဆိုပါမူကြမ်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး ဝါရှင်တန်အနေနှင့် ၎င်းတို့အရေးကိစ္စနှင့်ပတ်သက်၍ ကင်းကင်းရှင်းရှင်းနေရန် သတိပေးထားသည်။ 

ဉပဒေတစ်ရပ်ဖြစ်လာမည့် အဆိုပါမူကြမ်းအား ရပ်တန့်ပေးရန် အမေရိကန်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က တောင်းဆိုထားသည်။ ပေကျင်းအနေနှင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ တိတိကျကျ သုံးသပ်တင်ပြထားခြင်း မရှိသော်လည်း ဟောင်ကောင်၏ လက်ရှိအုံကြွမှုများအပေါ် တိုင်းတပါး ဝင်ရောက်နှောက်ယှက်မှုကို ဆက်လက် အပြစ်တင်ဝေဖန်လျက်ရှိသည်။ 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်