ဟေတီမြောက်ပိုင်းဆိပ်ကမ်းမြို့တွင် ဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးသူ ၆၀ ထက်မနည်းရှိ

မက္ကဆီကိုစီးတီး ဒီဇင်ဘာ ၁၆

ဟေတီမြောက်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့်  ကပ်ဟေတီတွင် ဒီဇင်ဘာ ၁၄ ရက်ကဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အရာရှိတစ်ဦးက ပြောသည်။

လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ သည့်အတွက် ဟေတီဒုတိယအကြီးဆုံး မြို့တော် ကပ်ဟေတီရှိဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း၊ ဒုတိယမြို့တော်ဝန်  ပက်ထရစ်အယ်လ်မိုနောက သတင်းထောက်များကို ပြောကြားခဲ့ပြီး ပေါက်ကွဲ မှုမှာ ကြောက်စရာကောင်းသော ပေါက်ကွဲမှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဆီတင်ယာဉ် ပေါက်ကွဲမှုကြောင့်  နေအိမ်အတော်များများ မီးလောင်ပျက်စီးမည်ဟု မီးသတ်သမားများက ကနဦး  ခန့်မှန်းထားသည်။

အဆိုပါဒေသတွင်ရှိသော ဆေးရုံ၌  လူပြည့်သွားသဖြင့် ဒဏ်ရာရရှိသူများကိုဆက်လက်ကုသပေးရန် အစိုးရက ယာယီကွင်းပြင်ဆေးရုံတစ်ရုံ အမြန်ဆုံး စီစဉ်ပေးခဲ့ရကြောင်း သိရသည်။

လောင်စာတင်ယာဉ်သည် ဆိုင်ကယ် ကို ရှောင်တိမ်းရန် ကြိုးစားလိုက်ပြီး နောက် တိမ်းမှောက်သွားကာ ပေါက်ကွဲ မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပေါက်ကွဲမှုသည် ဒီဇင်ဘာ ၁၄ရက် နံနက် က ဖြစ်ပွားခဲ့ကြောင်း ဒုတိယမြို့တော်ဝန် က ပြောသည်။

ဆီတင်ယာဉ်ပေါ်၌ ဆီများထွက်ကျ  ဖိတ်စဉ်ကုန်သောကြောင့် အနီးမှလူများ ဆီယူရန် ဝိုင်းအုံလာခဲ့သည်။ လက်နက် ကိုင် ရာဇဝတ်မှု ကျူးလွန်မှုများကြောင့် ဟေတီသည် လောင်စာဆီပြတ်တောက်မှု ကို ဆိုးရွားစွာ ကြုံတွေ့ခံစားရလျက်ရှိပြီး ဓာတ်ငွေ့ဈေးနှုန်းများလည်း မြင့်လျက်ရှိသည်။

ဆင်ဟွာ