ဟိုင်းကြီးကျွန်းမြို့၌ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ကာ လိုက်လံအသိပေးနှိုးဆော်

ဟိုင်းကြီးကျွန်း ဇွန် ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲက အမှတ်(၃)ရပ်ကွက်ရှိ မြတ်သီရိ ကိုယ်ထူကိုယ်ထ ပျံကျစျေးသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပလတ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှု ရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စျေးတွင် စျေးရောင်း၊ စျေးဝယ်နေကြသော ပြည်သူများအနေဖြင့် အသားငါးများနှင့် ဟင်းသီးဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများအား အရောင်း၊ အဝယ်ပြုလုပ်ရာတွင် ပလတ်စတစ်အိတ်များ သုံးစွဲမည့်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ ဗာဒံရွက်၊ စက္ကူများ စသည့် ပစ္စည်းများဖြင့် အစားထိုးသုံးစွဲကြရန်နှင့် ပလတ်စတစ်အိတ်များကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများအား အသိပညာပေးပြောကြားခဲ့ပြီး ပလတ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှု ရှိ/မရှိကို ကြည့်ရှုစစ်ဆေးကာ ပလတ်စတစ်အိတ်များ သုံးစွဲပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်မျိုးအောင် (ပြန်/ဆက်)