ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဟိုပုံး မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် မတ် ၁၈ ရက် နံနက်ပိုင်းက လွယ်အွန့်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်  ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအခြေအနေနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊ ‌ကျေးရွာနေပြည်သူများ ပညာရေး၊  ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာများကိုလည်းကောင်း၊ လယ်ယာမြေနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း၊ ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ မြစိမ်းရောင်စီမံကိန်း၊ ရေပေးဝေရေး၊ ဆိုလာမီးပေးဝေရေး စီမံကိန်းများကိုလည်းကောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း၊ ဥပဒေဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြန်ကြားရေး လုပ်ငန်းများကိုလည်းကောင်း၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီး ပြောကြာပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်း(ပြန်/ဆက်)