ဟိုပုံးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ  (စတုတ္ထ)အကြိမ်ထုတ်ချေး

ဟိုပုံး ဖေဖော်ဝါရီ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်း  အရင်းမပျောက် လည်ပတ် ရန်ပုံငွေများ စတုတ္ထအကြိမ်မြောက်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဂျူမုတ်ကျေးရွာ၌  တာဝန်ရှိသူများမှ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်က ဂျူမုတ် ကျေးရွာနှင့် ဟွေ့တက်ကျေးရွာတို့ရှိ  ရပ်မိရပ်ဖများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသူ/သားများနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဒေါ်လှယမင်းဌေးနှင့် ဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် သိန်း(၄၆၀)အား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဂျူမုတ်ကျေးရွာနှင့် ဟွေ့တက်ကျေးရွာတို့တွင်  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသူ/ သား (၄၈)ဦးကို အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်နိုင်တပိုင်စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း (၄၆၀)အား အသင်းသူ/သားများ၏ တစ်ဦးချင်း လက်ဝယ်အရောက် အတိုးနှုန်းသက်သာစွာဖြင့် စတုတ္ထအကြိမ် မြောက် ထုတ်ချေးပေးခဲ့ကြောင်း ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးလွင်မြင့် ထံမှ သိရသည်။

ချိုသန်းညွန့်(ကျေးလက်)