ဟိုပုံးမြို့တွင် နှာခေါင်းစည်း Mask မတပ်ဘဲ နေအိမ်ပြင်ပသွားလာသူ ၅၄ ဦးအား ယခုဝယ် ယခုတပ်ဆင်စေခြင်းဖြင့် အသိပညာပေး  

ဟိုပုံး ဩဂုတ် ၂၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသွားလာသူ ၅၄ ဦးတို့အား ယခုဝယ် ယခုတပ်ဆင်စေခြင်းဖြင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာသူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းများကို မြို့နယ် ကိုဗစ်ကော်မတီဝင်များက ရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဖြင့် မိမိနေထိုင်ရာ မြို့/ရွာအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

 

mdn

 

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ တောင်ကြီး - လွိုင်လင် ပြည်ထောင်စု ကားလမ်းမကြီး၌ စစ်ဆေးရာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ (၁၂) ဦး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဈေးလမ်းဆုံတွင် စစ်ဆေးရာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ (၃၅) ဦး၊ မွေတော်ဘုရားကြီးရှေ့၌ စစ်ဆေးရာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ (၇) ဦး စုစုပေါင်း ပြည်သူ (၅၄) ဦးတို့အား နှာခေါင်းစည်း Mask အား ယခုဝယ် ယခုတပ်ဆင်စေခြင်းဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ဇွန်  ၁၁ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၂၀ ရက်နေ့ထိ ရောဂါပိုးတွေ့ရှိသူ ၄၅၃ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

 

 

ခင်အိအိသန်း(ပြန်/ဆက်)